ကလေးမြို့ပေါ် ရှိ ဘီယာဆိုင်လေးဆိုင်က စစ်တပ်ထုတ်ကုန်ဘီယာဖာတွေကို NUG ရဲတပ်ဖွဲ့သိမ်းဆည်း

ဇွန် ၊ ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ အရက်ဘီယာဆိုင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲတပ်ဖွဲ့ကလိုက်လံစစ်ဆေးခဲ့ပြီး ဘီယာဆိုင် လေးဆိုင်မှာ ရောင်းချဖို့ တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို သိမ်းဆည်းခဲ့တယ်လို့အဲဒီအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ 

“ မနေ့က ကျနော်တို့ စစ်ဆေးရင်နဲ့ ဖမ်းလိုက်တာပါ။ ပစ္စည်းတွေကိုတော့ သိမ်းဆည်းခဲ့တယ် ။ဘီယာတွေကိုတခါတည်းဖျက်ဆီးလိုက်တယ်။ ကားတွေ ကတော့ ကျွန်တော်တို့ စီမံပိုင်ခွင့်မရှိလို သက်ဆိုင်သူတွေကို အပ်လိုက်တယ်။လူတွေကိုတော့ အခွန်နဲ့ဒဏ်ကြေးပဲဆောင်ခိုင်းခဲ့တာပေါ့။ အဲဒီဆိုင်တွေကိုလည်း လိုင်စင်ထုတ်ပေးလိုက်တယ် ဒါပေမယ့်စစ်တပ်ထုတ်ကုန်ကိုတော့ လုံးဝတင်ခွင့်မပြုဘူး။  “ လို့ သူကပြောပါတယ်။

မနေ့က ဇွန်လ ၂၄ ရက်မှာ ကလေးမြို့ပေါ်က အရက်ဘီယာဆိုင်တွေကို အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူရဲတပ်ဖွဲ့နဲ့ကျေးရွာပြည်သူလုံခြုံရေးအဖွဲ့တွေ စုပေါင်းပြီး စစ်ဆေးမှုတွေလုပ်ခဲ့ကြတာပါ။

အဲဒီနောက်ဘီယာဆိုင်လေးဆိုင်က  စစ်တပ်ထုတ်ကုန် ဒဂုံဘီယာဖာ ခြောက်ဆယ် နဲ့ ဘီယာသယ်ယူရာမှာအသုံးပြုတဲ့ ကားနှစ်စီးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီ ဘီယာဖာခြောက်ဆယ် နဲ့ဆက်စပ်စ္စည်းတွေကို လုပ်ထုံးလုပ် နည်းနှင့် အညီ သိမ်းဆည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ကလေးမြို့ နယ် စည်ပင်ကော်မတီသို့ သက်သေခံပစ္စည်းများအဖြစ် အပ်နှံထားတယ်လို့ ကလေးမြို့နယ်၊NUG ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ပြည်သူ အုပ်ချူပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်က စတင်ပြီး အခွန်ကောက်ခံမှုကို ပညာပေးကာလအဖြစ် ဆယ် ရက်သတ်မှတ်ပြီး ပထမဆုံးအနေနဲ့ စတင်လုပ်ဆောင်ခဲ့တာပါ။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကောက်ခံ  ရရှိတဲ့ အခွန်ဘဏ္ဍာငွေ တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာရေးမူဝါဒနှင့်အညီ သုံးစွဲနေပြီး NUG အစိုးရ ထိန်းချုပ် နယ်မြေ အတွင်းရှိ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေကိုပေးအပ်နေတယ်လို့ ဆိုပါတယ်။