ဇွန် ၊ ၂၄
တနင်္သာရီတိုင်း၊ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားတွေရဲ့ အပ်ငွေတွေကို အပြည့်အဝ ပြန်မပေးဘဲ ထောင် အရာရှိဖြစ်သူက ကြားကနေ ဖြတ်ယူနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ရှိသူတွေ က ပြောပါတယ်။
“မိသားစုဝင်တွေက အကျဥ်းသားအပ်ငွေဆိုပြီး ငါးသောင်းသွင်းရင် ထောင်စျေးဘားမှာက တသောင်း၊ နှစ်သောင်း အဲလိုပဲ စာရင်းသွင်းတာ၊ကျန်တဲ့ပိုက်ဆံတွေကို အလွဲသုံးစားလုပ်နေတယ်၊အခြားဝန်ထမ်းတွေလည်း လုပ်တော့ လုပ်တာပဲ၊ ဒါပေမယ့် သူကရဲရဲတင်းတင်းလုပ်နေတာ” လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိ သူတဦးက DNA ကို ပြောပါတယ်။
ထောင်အတွင်းမှာ အကျဥ်းသားတွေ စျေးမှာတာ၊ မုန့်ပဲသရေစာမှာယူတာတွေ လုပ်နိုင်ဖို့အတွက် မိသားစုဝင်တွေ က ထောင်က သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အကျဥ်းသားအပ်ငွေအဖြစ် ပိုက်ဆံပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
အဲဒီအပ်ငွေတွေကို အကျဥ်းသားတွေက ကိုယ်တိုင် ကိုင်သုံးခွင့်မရကြဘဲ ထောင်ဝင်စာလက်ခံတဲ့ နေရာကနေ တဆင့် ထောင်စျေးဘားမှာ စာရင်းသွင်းပြီး အကျဥ်းသားတွေကို အပ်ငွေဘယ်လောက်ရှိတယ်ဆိုတာ စလစ်ပြန် ထုတ်ပေးတာပါ။
ထားဝယ်ထောင် တံခါးကြီးတာဝန်ခံကတော့ အဲဒီလိုပေးသွင်းလာတဲ့ အပ်ငွေတွေကို ထောင်စျေးဘားမှာ စာရင်း အတိအကျမသွင်းဘဲ ကြားကနေဖြတ်ယူထားတာ ကျပ် သိန်းနှစ်ဆယ်လောက်အထိ ရှိနေတယ်လို့ ထားဝယ်နိုင်ငံ ရေးအကျဥ်းသားများကွန်ရက်ကဆိုပါတယ်။
အကျဥ်းသားအပ်ငွေတွေကို အဲဒီလိုဖြတ်ယူနေတဲ့ထောင်အရာရှိကို ထောင်စျေးဘားတာဝန်ခံလည်းဖြစ်၊ ဒုတိယ ထောင်ပိုင်လည်းဖြစ်တဲ့အရာရှိလည်း အရေးယူတာမရှိတဲ့အပြင် သူကိုယ်တိုင်ကပါ အရက်မူးပြီး အကျဥ်းသား တွေကို ဆဲဆိုရန်တွေ့တာ လုပ်လေ့ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ထောင်တွင်းဆေးခန်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းပြီး ဆေးဝါးလည်း အလုံအလောက် မရှိဘူးလို့ သိရပါတယ်။
“ဖျားဆိုလည်း ဒီဆေး၊ကိုက်ခဲဆိုလည်းဒီဆေး၊ယားနာလည်းဒီဆေးပဲ၊ဖြစ်တဲ့ရောဂါတွေနဲ့ ကိုက်ညီတဲ့ ဆေးဝါး တွေ ကလုံလုံလောက်လောက်မရှိဘူး၊ဆေးကအာနိသင်မရှိတာများတယ်၊ပေးတာယူလိုက်ရတာပဲ၊ ဆယ်ခွက်လောက် သောက်လဲ မပျောက်ဘူး၊ အများစုက မိသားစုကိုပဲ မှာပြီး ဆေးကိုသွင်းရတယ်၊ဆရာဝန်ဆိုတာကစစ်တပ်က ဆေး ဆရာဝန်ပဲရှိတယ်၊ တလနေလို့ ထောင်ထဲက ဆေးခန်းမှာ ဆယ်ခေါက်လောက် တောင်မမြင်ဖူးဘူး” လို့ ထား ဝယ်ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးက ပြောပါတယ်။
အကျဉ်းသားတွေရဲ့ အပ်ငွေတွေကို ဖြတ်ယူလေ့ရှိတဲ့ ထောင်အရာရှိဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အကျဥ်း သားတွေကို ပါးရိုက်တာ၊ ထိုးကြိတ်ရိုက်နှက်တာ ငါးကြိမ်အထိ ပြုလုပ်ခဲ့ပြီး ပါးရိုက်ခံရတဲ့သူတွေထဲ နိုင်ငံရေးအ ကျဥ်းသား နှစ်ဦးလည်း ပါဝင်တယ်လို့သိရပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ အမှုရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ နိုင်ငံရေးအကျဥ်း သား အမျိုးသား ၃၀၀ ဝန်းကျင်နဲ့ အမျိုးသမီး ၆၀ လောက်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် ဆီကသိရပါတယ်။