မယ်စဲ့က စစ်ကောင်စီရဲ့ ပင်မစစ်စခန်းကုန်းတခုကို တော်လှန်ရေးအင်အားစုတွေထပ်မံသိမ်းပိုက်

ဇွန် ၊ ၂၄

ထိုင်း-မြန်မာနယ်စပ်၊မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ပင်မဗျူဟာကုန်းစစ်စခန်းတခုကို မနေ့က သိမ်းပိုက် နိုင်ခဲ့ပြီးနောက် BP-13 စခန်းက လွဲလို့ မယ်စဲ့မြို့နယ် အားလုံးနီးပါးကို တော်လှန်ရေးမဟာမိတ်တပ် ပေါင်းစု တခု ဖြစ်တဲ့4Kတပ်ပေါင်းစုက သိမ်းပိုက်ထားတယ်လို့ ကရင်နီစစ်ဘက်ရေးရာ အဆင့်မြင့်တာဝန်ရှိသူ တဦးက ပြော ပါ တယ်။

 “မယ်စဲ့မြို့အရှေ့ဘက် တောင်ကုန်းပေါ်က ကျန်တဲ့ ဗျူဟာကုန်းပေါ့၊ မနေ့က တနေကုန် တိုက်ရတယ်ပြောတယ်၊ BP -13 နဲ့ နီးတယ်၊စစ်တပ်က အဲဒီဗျူဟာကုန်းမှာ လာပေါင်းနေကြတာ၊ သူတို့ စခန်းက BP- 13 ပဲ ကျန်တော့ မယ်၊အခုကတော့ မယ်စဲ့မြို့နဲ့ ပတ်ဝန်းကျင်က တပ်စခန်းတွေ အားလုံးကို အကုန်လုံး သိမ်းပိုက်နိုင်ပြီပေါ့ဗျာ၊ ထိခိုက်ကျဆုံးမှုကတော့ အတိအကျ မရသေးဘူး၊ အခုကလည်း လက်နက်ငယ်တွေ ထပ်ရတယ်”လို့ သူက ပြောပါတယ်။

မနေ့က သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းကုန်းဟာ မယ်စဲ့မြို့နယ်အတွင်းက တခြားစစ်စခန်းတွေနဲ့ ထိုင်းမြန်မာနယ်စပ်က စစ်စခန်းတွေကို ရှေ့တန်းက အဆက်အသွယ်လုပ်တဲ့ ပင်မစခန်းဖြစ်ပြီး စစ်တပ်က အဲဒီမှာ တပ်အင်အားတွေ ဖြည့်ထားတဲ့အတွက် တနေ့ကုန် တိုက်ပွဲပြင်းထန်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာလို့ဆိုပါတယ်။

မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို 4K တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားတဲ့ KNU/KNLA၊ KNPP/KA၊ KNDF နဲ့အတူ ကလလတ (KNPLF)တို့ကလက်တွဲပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သူက အတည်ပြု ပါတယ်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်းအခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၄) ဟာ KNPLF (4878) တပ်ရင်းနဲ့ ရွာသစ်မြို့ အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) က KNPLF (7894) တပ်ရင်းအဖြစ် မူလတအတိုင်း ပြန်လည် ရပ် တည်ကာ အလံ၊ ယူနီဖောင်း၊ ဘတ်တံဆိပ်တွေကို ပြောင်းလဲတပ်ဆင်ခဲ့ပြီး စစ်ကောင်စီကို ဇွန်လ ၁၃ ရက်က အတိအလင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခုလို အောက်ခြေကတပ်ဖွဲ့တချို့ တော်လှန်ရေး  အင်အားစုတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်လာတာကြောင့် အင်အားပိုကောင်းလာပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(KNPLF) ခေါင်းဆောင်ပိုင်း အနေနဲ့ လည်း ဘယ်ဘက်ကရပ်တည်မယ်ဆိုတာကို မဖြစ်မနေရွေးချယ်ကြရဖို့ တွန်းအားဖြစ်လာတယ်လို့ ကရင်နီစစ် ဘက်ရေးရာ တာဝန်ရှိသူကပြောပါတယ်။

 “ခေါင်းဆောင်ပိုင်းတွေက စစ်ကောင်စီဘက်သာရင် စစ်ကောင်စီဘက် လှည့်မလိုလိုနဲ့၊ ကျွန်တော်တို့ ဘက်သာရင် ကျွန်တော်တို့ဘက်လာမလိုလိုနဲ့၊ အဲလိုဖြစ်တော့ အခုက လူငယ်တွေ၊ အောက်မှာရှိတဲ့ တပ်ဖွဲ့တွေက မရတော့ဘူး လေ၊ပါကုန်ပြီဆိုတော့အခြေအနေကတော့ သူတို့ ခေါင်းဆောင်တွေ လည်း ဘယ်လိုဆုံးဖြတ်မယ်၊မသိဘူး၊အခုက ဘယ်လိုအနေအထားဖြစ်ဖြစ်၊ သူတို့က ပါကို၊ ပါရတော့မယ့် အနေ အထားမျိုး ဖြစ်လာပြီ”လို့ သူကဆိုပါတယ်။

 သံလွင်မြစ်အရှေ့ခြမ်းက မယ်စဲ့မြို့နယ်ကို လွတ်မြောက်ဒေသအဖြစ် ပုံဖော်နိုင်ဖို့ တိုက်ပွဲတွေ အပြင်းအထန် တိုက်ခိုက်နေပေမယ့် စစ်ကောင်စီရဲ့ စစ်အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာမှုကြောင့် လွတ်မြောက်နယ် မြေဖြစ်လာဖို့ အခြေအနေစောင့်ကြည့်ရဦးမယ်လို့လည်း အဲ့ဒီကရင်နီစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

 လက်ရှိမယ်စဲ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေအထိုင်ချတဲ့စခန်းကုန်းတွေအနေနဲ့ BP- 13 စခန်းကုန်းနဲ့ အမြောက်ကုန်း သာ ကျန်ရှိတော့ပြီး စစ်ကောင်စီတပ်ဟာ လေယာဉ်တွေနဲ့ စစ်ကူတွေ ဖြည့်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးနဲ့ ဒေါညီခိုဘက်က တဗျူဟာ (တပ်ရင်း ၃ရင်း)ကလည်း မယ်စဲ့မြို့နယ်ကို စစ်ကူလာနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအထိ ကရင်နီဒေသဟာ ရှမ်း-ကယားနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ပြင်းထန် ခဲ့ကြတာပါ။

အခုလ ၁၃ရက်မှာတော့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက မယ်စဲ့မြို့တွင်းက စစ်ကောင်စီစခန်းနဲ့ရဲစခန်း တွေကိုထိုးစစ်ဆင်တိုက်ခိုက်ရာက ကရင်နီ(ကယား)ပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။

 မယ်စဲ့မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာပြီးနောက် အဲ့ဒီမြို့နယ်ကို စစ်ကူတွေ ထပ် မံဖြည့်တင်းနိုင်ဖို့စစ်ကောင်စီက ကြိုးစားသလို တော်လှန်ရေးတပ်တွေကလည်း စစ်ကူလမ်းကြောင်းကို ဖြတ် တောက်ဖို့ကြိုးစားရာက သံလွင်မြစ်အနောက်ဘက်ကမ်းပေါ်က ဖားဆောင်းမြို့နယ်မှာပါ တိုက်ပွဲတွေဆက် လက်ကူးစက်နေပါတယ်။

ဇွန်လ ၁၉ ရက်ကစတင်ပြီး ဖားဆောင်းက ပြည်သူတွေအနေနဲ့ မြို့ထဲမှာ မနေတော့ဖို့ စစ်ကောင်စီက ထုတ်ပြန် ထားသလို ဖားဆောင်း၊ ဘော်လခဲနဲ့ မယ်စဲ့မြို့နယ်တွေက ပြည်သူတွေ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

 မယ်စဲ့မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲမှာ စစ်ဘေးရှောင် ၄၀၀၀ နီးပါး စစ်ရှောင်နေကြရပြီး ထိုင်းအစိုးရကစစ်ရှောင်တွေကို ပိတ်ဆို့မှုတွေလုပ်ထားတာကြောင့် ထိုင်းမြန်မာနယ်စပ်မှာ လည်းစစ်ရှောင် တထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။