ခင်ဦးမှာ လက်နက်ကြီးထိလို့ ဒေသခံတဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

ဇွန် ၊ ၂၄

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာစစ်အုပ်စုကလက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်တာကြောင့် ရွာထဲလက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ တဦးသေဆုံးကာ ကိုးဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက ပြောပါတယ်။

 “ မနေ့ကရေဦးကို ရဟတ်ယာဉ်နဲ့ထောက်ပို့လာပြီး လက်နက်ပစ္စည်းတွေပြန်ထွက်လာတာပေါ့၊မြင်းဒေါင်းမှာ လေးရက်လောက်ညအိပ်တဲ့အဖွဲ့ ကပစ်လို့ရွာထဲကျပြီး ပြည်သူတွေထိကုန်တာပေါ့၊အမျိုးသမီး တဦးသေတယ်၊ကိုးဦးလောက်ထိတယ်လို့ သတင်းရထားတယ် “ လို့ သူကပြောပါတယ်။

 ခင်ဦးမြို့နယ်အနောက်ခြမ်း ရေဦးမြို့နယ်အစပ် မြင်းဒေါင်းရွာမှာ ရက်ပိုင်းကြာ တပ်စွဲခဲ့တဲ့ စစ်အုပ်စုဟာ ဒီကနေ့ မနက် လေးနာရီဝန်းကျင်က အဲ့ဒီရွာကပြန်ထွက်ချိန်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး တဲစုရွာထဲကို လက်နက်ကြီးသုံးလုံးကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

 လက်နက်ကြီးပေါက်ကွဲမှုကြောင့် တဲစုရွာက  အသက် ၄၅ နှစ်အရွယ်ဒေါ်မိုးဆွေဆိုသူ အမျိုးသမီးတဦးသေဆုံးခဲ့ သလို ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

 လက်ရှိမှာ စစ်အုပ်စုက မြစ်တော်ရွာထဲကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေတဲ့အတွက် အနီးနားရှိတဲစု၊ မြစ်တော်၊ကံသစ်၊ဂွေးကုန်း၊အင်တိုင်းကြီး စတဲ့ကျေးရွာတွေက ဒေသခံ ပြည်သူ ၄၀၀၀ ကျော်လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကိုသာစစ်လင်းကဆိုပါတယ်။

 စစ်အုပ်စုက အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့  ဒီလ ၁၈ ရက်နေ့ကစလို့ ရေဦးမြို့နယ်ကတဆင့် ဒုတိယအ ကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။အဲဒီမတိုင်ခင်ကလည်းဇွန်လ ၁ ရက်ကနေ ၁၄ ရက်အထိ နှစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 အဲ့ဒီစစ်ကြောင်းဟာ ခင်ဦးနယ်ထဲကို အခုလအတွင်းပထမအကြိမ်စစ်ကြောင်းဝင် ရောက်ခဲ့တုန်း က ကျေး ရွာ ခြောက်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါ့အပြင်ရွာသစ်ရွာက အမျိုးသားတဦးကို စစ်အုပ်စုကမီးရှို့သတ်ဖြတ်ခဲ့ပြီး ဒေသခံ သက်ကြီးရွယ်အိုနှစ်ဦး ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ကာ  ဖမ်းဆီးခံရသူ ရှစ်ဦးလောက်လည်းရှိ တယ်လို့ သိရပါတယ်။

အဲ့ဒီအချိန်က စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေဟာ အခုအချိန်က ပြန်လည်လွတ်မြောက် လာခြင်းရှိမရှိ မသိရသေးပါဘူး။

 ခင်ဦးနယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြားအပြန်အလှန် တိုက်ပွဲတွေ မဖြစ်ပေမယ့် စစ်ကြောင်းကို မိုင်းစွဲတိုက်ခိုက်တာတွေတော့ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

photo ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ပုံစာ- စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တဲ့နေအိမ်တွေကို ငြှိမ်းသတ်နေကြတဲ့ ခင်ဦးဒေသခံများ