ကလေးဒေသမှာ စစ်ရှောင်တွေများလာလို့ ကလေးမြို့ပေါ်မှာ အိမ်ဌားခတွေစျေးတက်၊အိမ်ငှားရဖို့ခက်လာ

ဇွန် ၊ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးဒေသတဝိုက်ကနေ ကလေးမြို့ပေါ်ကိုပြောင်းရွှေ့လာတဲ့ စစ်ရှောင်တွေများ ပြားလာတာ ကြောင့် အိမ်ငှားခတွေစျေးတက်လာသလို အိမ်ငှားရဖို့လည်းမလွယ်တော့ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။

“အိမ်ကတော့ လုံးချင်းဆိုတသိန်းအောက်ထစ်ပဲ၊လျှပ်စစ်မီးပါချင်မှပါမယ်၊လျှပ်စစ်မီးရတဲ့အိမ်ဆို တသိန်းအထက်ပဲ၊ ဒါတောင်မြို့အရှေ့ပိုင်း၊အလယ်ပိုင်းတွေမှာ ငှားဖို့အိမ်က မရှိသလောက်ဖြစ်သွားပြီ” လို့ ဒေသခံတဦးက ပြောပါ တယ်။

ကလေးဒေသမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြားစစ်ရေးတင်းမာနေပြီး စစ်ကောင်စီ က လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်တာကြောင့် ကလေးမြို့ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဧပြီ လကတည်းက စတင်တိမ်းရှောင်နေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ မေလနဲ့ လက်ရှိဇွန်လအတွင်းမှာတော့ မြို့ပေါ်ကိုစစ်ရှောင်လာတဲ့ဦးရေ တရှိန်ထိုးများပြားလာတာဖြစ် တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကလေးတောင်ဘက်ကပ်ရက် သာစည်ရွာတရွာထဲတောင်တွက်ကြည့်ဗျာ၊ အိမ်ခြေတထောင်ကျော် အကုန် ရှောင် နေရတာ၊ပြီးတော့ မြောက်ပိုင်း လက်ပံချောင်းဘက်ကလာရှောင်တာတွေကလည်းမနည်းဘူး” လို့ စစ်ရှောင် တဦး ကပြောပါတယ်။

ကလေးမြို့ပေါ် အခြေိစိုက်တဲ့ စစ်ကောင်စီတပ်က ဧပြီလလယ်လောက်ကစပြီး ကလေးမြို့နယ်အတွင်းက ကျေး ရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး မေလနဲ့အခုလထဲမှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဥ်လိုရှိနေ ပါတယ်။

အဲ့ဒီလိုလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မေလကနေ အခုဇွန်လအတွင်း အရပ်သားပြည်သူ ကိုးဦးသေဆုံးသလို ငါးဆယ်ဝန်းကျင်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအချက်အလက်တွေအရသိရပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်တောင်ပိုင်းက အိမ်ခြေတထောင်ကျော်ရှိတဲ့ ရွာတွေဖြစ်တဲ့ ထိုမာ၊ထောက်ကြံ၊သာစည်ကျေးရွာတွေအပါအဝင် ချင်းဆိုင်၊ဇင်းကလင်း၊သာယာကုန်း၊ ရေလဲဦး စတဲ့ကျေးရွာကပြည်သူတွေပါ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်း မောက်လင်း၊လက်ပံချောင်းရွာ၊ နန်းစောင်းပု ဘက်တွေကပြည်သူအများစုဟာ တိမ်း ရှောင်နေကြရတယ်လို့သိရပါတယ်။

အဲ့ဒီလိုတိမ်းရှောင်မှုတွေကြောင့် လက်ရှိကလေးမြို့နယ်မှာ စစ်ရှောင်ဦးရေ ငါးသောင်းဝန်းကျင်အထိရှိနိုင်ပြီး မြို့ ပေါ်ကိုပြောင်းရွှေ့လာတဲ့ဦးရေဟာ နှစ်သောင်းဝန်းကျင်လောက်ရှိနိုင်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“သာစည်တို့၊ချင်းဆိုင်တို့၊ဇင်းကလင်းတို့ကြတော့မြို့နဲ့ဆက်ရက်တွေလေ၊မြို့ပေါ်ပဲပြေးကြရတာ၊ဘုန်းကြီး ကျောင်းတွေကလည်း အကုန်ဘယ်လက်ခံနိုင်မလဲ၊ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်၊ မှီခိုစရာမရှိရင်ကပ်သီး ကပ် သပ်ငှားနေရတာ၊ကျွန်တော်တို့အခန်းခတောင် ခုနစ်သောင်းခွဲပေးရတယ်၊ဒါတောင်ကံကောင်းလို့ရတာ၊ ကျွန်တော် နဲ့အတူပြေးလာတဲ့မိသားစုဆိုမရသေးဘူး၊ဆွေမျိုးနီးစပ်တဲ့အိမ်မှာ ကပ်နေနေရတုန်း” လို့ စစ်ရှောင်တဦးက ပြော ပါတယ်။

ကလေးမြို့ပေါ်ကိုရှောင်လာကြတဲ့စစ်ရှောင်တွေကို ဘုန်းတော်ကြီးကျောင်းတ ချို့နဲ့ခရစ်ယာန်ဘုရား ကျောင်းတ ချို့က လက်ခံပေးထားပေမယ့် လူဦးရေများပြားလွန်းတာကြောင့် ရောက်လာသမျှလူတွေကို လက်ခံဖို့အခက်ခဲ ဖြစ်နေတယ်လို့ဆိုပါတယ်။

“မတတ်နိုင်ဘူး အဆင်ပြေသလိုနေကြရတာပဲ၊တချို့အိမ်တွေဆို တအိမ်ထဲမှာ စုနေကြရတယ်၊ လူနှစ်ဆယ်ကျော် တဲ့အိမ်တောင်ရှိတယ်” လို့စစ်ရှောင်တဦးကပြောပါတယ်။

ကလေးမြို့ပေါ်ကိုရောက်လာတဲ့စစ်ရှောင်တွေထဲက နေအိမ်ငှားခမတတ်နိုင်သူတွေနဲ့ အိမ်ငှားမရသေးသူတွေက ဆွေမျိုးနီးစပ်အိမ်တွေ၊ အရင်အိမ်ငှားရထားတဲ့သူတွေနဲ့ ပူးပေါင်းနေထိုင်ကြရတာမျိုးတွေရှိနေတာဖြစ်ပါတယ်။

“လူကြီးတွေပဲဆိုပြသနာမရှိပေမယ့်ကလေးတွေအတွက်ကခက်တယ်၊ခုဆိုသူတို့စာမသင်ရဘူး၊နေရာကျဥ်းတော့ လွတ်လွတ်လပ်လပ်သူတို့မဆော့ရဘူး” လို့ စစ်ရှောင်အိမ်ထောင်ဦးစီးတဦးကပြောပါတယ်။

အခုလိုမြို့ပေါ်ကိုစစ်ရှောင်တဲ့သူတွေအပြင် တောတောင်ထဲတွေမှာစစ်ရှောင်နေကြတဲ့ပြည်သူတွေလည်း အများ အပြားရှိနေတာပါ။

ကလေးမြို့ပေါ်စစ်ကောင်စီတပ်က ကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်တော တောင်ထဲမှာရှောင်နေတဲ့သူတွေအတွက် စိတ်ပူတယ်လို့ မြို့ပေါ်ကိုရောက်နေတဲ့စစ်ရှောင်တဦးကပြောပါတယ်။

“မြို့ပေါ်ရောက်တာ တလနီးပါးရှိပြီ၊လက်နက်ကြီးသံမကြားရတဲ့နေ့မရှိဘူး၊ ရွာဘက်ဝန်းကျင်မှာ ရှောင်ပြီးနေ ခဲ့ တဲ့သူတွေအတွက် နေ့တိုင်းစိတ်ပူရတယ်၊ မြို့ပေါ်ကလည်း အကုန်အကျများတော့ တော်တော်တန်တန်ပိုက် ဆံမ ရှိရင်မလာနိုင်ဘူး၊ရွာဘက်ကလူတွေကလည်း ကျွန်တော်တို့ကိုမြို့ပေါ်မှာ ငတ်နေကြပြီလားလို့ ပြန်စိတ်ပူကြ သေး တာဗျ၊သူ့ကိုယ်စိတ်ပူ၊ ကိုယ့်ကိုသူစိတ်ပူကာလကြီးပါဗျာ” လို့ သူကပြောပါတယ်။