ရုရှားက စစ်ရေးမှာ အသုံးချဖို့ လင်းပိုင်တွေကို ပိုမို လေ့ကျင့်ပေးနေတယ်လို့ဆို

ဇွန် ၊ ၂၄

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဟာ စစ်ရေး ရည်မှန်းချက်တွေအတွက် လင်းပိုင်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ ကြိုးစားနေကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

 ဂြိုဟ်တု မှတ်တမ်း ဗီဒီယိုတွေအရ ရုရှား ထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်မှာရှိတဲ့ ဆီဗက်စ်တိုပိုလ် မြို့ထဲက ရေတပ်စခန်းနားမှာ ရေနေ နို့တိုက် သတ္တဝါတွေ ထားရှိတဲ့ လှောင်ချိုင့်တွေက ဧပြီကနေ ဇွန်လအတောအတွင်း အရေအတွက် နှစ်ဆတိုးလာတယ်လို့ သိရပါတယ်။

 အဲဒီ လှောင်ချိုင့်တွေမှာ ပုလင်းနှာခေါင်း လင်းပိုင်တွေကို ထိန်းသိမ်း မွေးမြူထားပြီး စစ်ရေးအတွက် လေ့ကျင့်ပေးနေတယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ယုံကြည်နေပါတယ်။

 ပုလင်းနှာခေါင်း လင်းပိုင်မျိုးစိတ်တွေဟာ ဉာဏ်ရည် အရမ်းမြင့်မားပြီး လေ့ကျင့် သင်ယူနိုင်စွမ်း အားကောင်းတာကြောင့် ရန်သူ ရေငုပ်သမား ကွန်မန်ဒိုတွေကို တန်ပြန်ဖို့ ရုရှားရေတပ်က လေ့ကျင့်ပေးနေတာ ဖြစ်ဖွယ် ရှိပါတယ်။

 ရုရှားရေတပ်ဟာ အရင်ကလည်း လင်းပိုင်တွေနဲ့ ဘီလူဂါ ဝေလငါးတွေကို ထောက်လှမ်းရေးနဲ့ တချို့ စစ်ရေး ရည်မှန်းချက်တွေအတွက် လေ့ကျင့်ပေးခဲ့ဖူးပေမယ့် ဒီကိစ္စတွေကို အတိအကျ ထုတ်ပြန် ဝန်ခံတာမျိုးတော့ မရှိခဲ့ပါဘူး။

 ဆိုဗီယက် ပြည်ထောင်စု ခေတ်ကတည်းက ဆီဗက်စ်တိုပိုလ် ရေတပ်စခန်းဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ရေနေ နို့တိုက် သတ္တဝါတွေကို စစ်ရေး ရည်မှန်းချက်အတွက် လေ့ကျင့်သင်ကြားပေးတဲ့ အစီအစဉ်တွေ အကောင်အထည် ဖော်ခဲ့ဖူးတယ်လို့ ယုံကြည်ရပါတယ်။ ဆိုဗီယက်တွေ လေ့ကျင့်ပေးတဲ့ နည်းဗျူဟာတွေထဲမှာ ရေအောက်က ရန်သူတွေကို ဘယ်လို သုတ်သင် သတ်ဖြတ်ရမလဲ ဆိုတာတွေပါ ပါဝင်တယ်လို့လည်း သတင်းထွက်ခဲ့ပါတယ်။

 ဂြိုဟ်တု ဓာတ်ပုံတွေအရ ယူကရိန်းရဲ့ မကြာခဏ အလစ်တိုက်ခိုက်မှုတွေကို ခံရတဲ့နောက် ဆီဗက်စ်တိုပိုလ် ဆိပ်ကမ်းတဝိုက်မှာ ရုရှားက ပိုက်အထပ်ထပ် ကာပြီး လုံခြုံရေးအတွက် ပြင်ဆင်ထားတာကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။