ကလပ်စံချိန်တင် စျေးနှုူန်းမျိုးနဲ့ ဆော်ဒီကလပ်ဆီ ကူးပြောင်းတော့မယ့် ဝုလ်ဗ်ကွင်းလယ်လူ နီဗက်စ်

ဇွန် ၊ ၂၄

ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ် ကစားသမား ရူဘန်နဗက်စ်ဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်ဟီလယ်လ်ဆီ ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုတွေ အလုံးစုံ ပြီးပြတ်သွားပြီ ဖြစ်ပါတယ်။

 အသက် ၂၆ နှစ်အရွယ်​ ပေါ်တူဂီ လက်ရွေးစင်ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝုလ်ဗ်ရဲ့ အသင်းခေါင်းဆောင် အဖြစ်လည်း တာဝန်ယူထားပါတယ်။ သူဟာ စတာလင်ပေါင် ၄၇ သန်းတန် ပြောင်းရွှေ့ကြေးမျိုးနဲ့ ဆော်ဒီ ပရိုလိဂ် ပြိုင်ပွဲဆီ ကူးပြောင်းသွားတာဖြစ်ပြီး အဲဒီစျေးက ရောင်းသူရော၊ ဝယ်သူ အတွက်ပါ ကလပ်စံချိန်တင် စျေးနှုန်းတွေ ဖြစ်ခဲ့ပါတယ်။

 အခုနွေရာသီမှာ ဥရောပရဲ့ နာမည်ကြီး ကစားသမားကောင်း တချို့ဟာ လုပ်ခလစာ မြင့်မြင့်မားမားနဲ့ ကမ်းလှမ်းတဲ့ ဆော်ဒီ ပရိုလိဂ် အသင်းတွေဆီ ကူးပြောင်းနေပြီး နီဗက်စ်လည်း အပါအဝင် ဖြစ်လာပါတယ်။ အခုလထဲမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်ဘန်ဇီးမား၊ ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေးတို့ဟာ ဆော်ဒီမြေဆီ ပြောင်းရွှေ့ အခြေချခဲ့ကြပြီး ချဲလ်ဆီး ဂိုးသမား အီဒိုရက်ဒ် မန်ဒီကလည်း အယ်လ်ဟာလီ အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဒါ့အပြင် မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဘီနာဒို ဆေးလ်ဗားကိုလည်း အယ်လ်ဟီလယ်လ်က ချိတ်ဆက်နေပါတယ်။

 ဝုလ်ဗ်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက တိုက်စစ်မှူး ဒီယေဂို ဂျိုတာကို လီဗာပူးဆီ ရောင်းချခဲ့ချိန်မှာ စတာလင်ပေါင် ၄၁ သန်းထိ ရရှိခဲ့ဖူးပြီး နီဗက်စ်ရဲ့ စျေးက စံချိန် ထပ်ချိုးခဲ့တာပါ။ ဒါ့အပြင် အဲဒီပြောင်းရွှေ့ကြေးဟာ ဆော်ဒီ ပရိုလိဂ် ပြိုင်ပွဲတခုလုံးစာ အတွက်လည်း စံချိန်သစ် ဖြစ်လာကြောင်း သိရပါတယ်။