ဇွန် ၊ ၂၄
မြန်မာနိုင်ငံမှာပဲတွေ့မြင်နိုင်ပြီး ရှားပါးမျောက်မျိုးစိပ် အသစ်တခုဖြစ်တဲ့ ပုပ္ပားလန်ဂါ(ခေါ်) ပုပ္ပားမျောက်မြီးရှည် တွေဟာ စားသုံးဖို့နဲ့ ရောင်းချဖို့အတွက် တောလိုက်မုဆိုးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံနေရတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေတဲ့အဖွဲ့တွေနဲ့ ဒေသခံတွေပြောဆိုကြပါတယ်။
ပုပ္ပားလန်ဂါ (ခေါ်) ပုပ္ပားမျောက်မြီးရှည်တွေဟာ
မြန်မာနိုင်ငံအပူပိုင်းခြောက်သွေ့ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း ပုပ္ပားဒေသနဲ့ ဧရာဝတီနဲ့ သံလွင်မြစ်ကြားဒေသတွေအပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ် တောင်အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကျက်စားကြပြီး လက်ရှိမှာ အရေအတွက်နည်းပါးနေသလိုမျိုးသုဉ်းမှုအန္တရာယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာဆိုရင်လည်း ပုပ္ပားမျောက်မြီးရှည်တွေကို လူတချို့က အစားအစာအဖြစ် အသုံးချဖို့နဲ့ တိုင်းရင်းဆေးဝါးအဖြစ်ပါ အသုံးပြုဖို့အတွက် ဖမ်းဆီးသတ်ဖြတ်ခံနေကြရတယ်လို့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။
(Native Species Conservation & Identification Group) တည်ထောင်သူ)
“ မျောက်ကလေးတွေအခုရင်ဆိုင်နေရတဲ့ပြသာနာက ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ကိစ္စပေါ့။ မျောက်ကလေးအမေကိုသတ်တယ်ပြီးတော့ မျောက်ကလေးတွေကိုယူကြတယ် ဘာလို့လည်းဆိုတော့ မျောက်အမေတွေကသူတို့ကလေးတွေကို အသေခံကာကွယ်တက်တဲ့အကျင့်ရှိတယ်။ တရုတ်တို့ထိုင်းတို့ နိုင်ငံတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းချဖို့အတွက် အစားအစားအတွက်အသုံးချဖို့ဆိုရင်သူတို့က မျောက်အမေတွေကိုသတ် မျောက်ကလေးတွေကိုရောင်းချတဲ့အကျင့်ရှိတယ်။ အဲလိုတွေသတ်နေတော့ မျောက်မျိုးစပ်ပြတ်မယ်အန္တရာယ်နဲ့ရင်ဆိုင်နေရတာပါ။ချင်း၊ ကရင်နဲ့ တင်္နသာရီတိုင်း ရခိုင်ပြည်နယ်တွေမှာ အများဆုံးသတ်ဖြတ်ခံနေရတယ် ပြည်သူတွေကဆင်းရဲတော့ သူတို့ကို အစားအစားအနေနဲ့ပေါ့နော် တခြားအလုပ်အကိုင်တွေရှားတော့ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကောင်လေးတွေကို အမဲလိုက်စားသုံးရတာလေတွေဥပမာပေါ့နော် မျောက်ချေးခါးဟင်းတို့ဘာတို့လို နေရာမှာအသုံးချဖို့သတ်ဖြတ်နေတာပေါ့ “ လို့ (Native Species Conservation & Identification Group) တည်ထောင်သူ ကိုဝင်းပိုင်ဦ:ကဆိုပါတယ်။
သူတို့အဖွဲ့ဟာဆိုရင် ပြည်တွင်းမှာရှိတဲ့ အသိပညာအတတ်ပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒေသန္တရထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်းတွေပေါင်းပြီး မြန်မာ့ဇီဝမျိုးစိတ်တွေရဲ့ အရေးပါမှုတွေ၊ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်မှုတွေကို လူထုအသိပညာပေးတာတွေနဲ့ လေ့လာထိန်းသိမ်းမှုတွေလုပ်နေကြတာပါ။
တောရိုင်းတိရစ္ဆာန်တွေနဲ့ ပက်သက်တဲ့ ပြည်သူလူထုရဲ့ အသိပညာအားနည်းမှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် အခုလိုမျိုး မျောက်မျိုးစိပ်တွေကို သတ်ဖြတ်စားသောက်နေမှာဖြစ်သလို စျေးကွက်အလိုက် စျေးကွာဟမှုတွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။
“ မျောက်သားက ဒေသလိုက်ပြီးစျေးကအစားစားရှိတယ်ဥပမာ ပြည်ပတင်ပို့ရောင်းချလို့မရတဲ့နေရာမှာဆိုစျေးကနည်းတယ် ရခိုင်တို့ချင်းတို့ဆိုစျေးနည်းတယ်ဘာလိုဆိုသူတို့ကပြည်ပတင်ပို့နိုင်မှုနည်းလိုပေါ့နော် တရုတ်တို့ထိုင်းတို့နဲ့မနီးဘူး အိန္ဒိယလောက်ပဲရှိတာကို ဒါပေမယ့်ရှမ်းပြည်နယ် မိုင်းလာတို့လောက်ကိုင်တို့ဖက်ကျတော့ တရုတ်ငွေစျေးနဲ့ရောင်းတယ်မျောက်ချေးခါးဆိုရင် ပိသာလိုက် ရောင်းတယ် တချို့ဆိုရင်မျောက်တွေအရှင်ဖမ်းထားပြီးတော့တရုတ်တွေနိုင်ငံခြားတွေလာမှာ ချက်ချင်းသတ်ပြီး အသားတွေကိုယ်လက်တွေကိုရောင်းတာရှိတယ် “ လို့ ကိုဝင်းပိုင်ဦးကဆက်ပြောပါတယ်။
အဲဒီမျောက်မျိုးစိတ်ရဲ့ အရောင်က မီးခိုးရောင်အနုနဲ့ အရင့်အရောင်တွေ ရှိတက်သလို မျက်လုံးနဲ့ ဝမ်းဗိုက်တွေမှာအဖြူရောင် ဒါမှာမဟုတ် မီးခိုးပြာရောင် ရှိတက်ကြပါတယ်။
ထူးခြားမှုအနေနဲ့ မျက်လုံးမှာ မျက်မှန်တပ်ထားသလိုအဝိုင်းသဏ္ဌာန်ပေါ်နေတဲ့ မီးခိုးပြာရောင်မျက်ကွင်းကြောင့် သူတို့ကို အရင်က မျက်ကွင်းပြာမျောက်လို့လည်း ခေါ်ခဲ့ကြပါတယ်။
ကရင်ပြည်နယ် ရသေ့ပျံတောင်တန်းပေါ်က ရသေ့ပျံသဘာဝလိုဏ်ဂူအနီးမှာလည်း ပုပ္ပားမျောက်မြီးရှည်တွေကို တွေ့မြင်ရတက်သလို အကောင်ရေ ၂၀၊ ၃၀ ထက်မနည်းရှိနိုင်သလို ထိန်းသိမ်းမှုအောက်မှာရှိပေမယ့် တခါတရံအစားအစာအတွက် လာရောက်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“ ကရင်ဖက်ကတော့ စားဖို့ပစ်တာလောက်ပဲဖြစ်မယ်။ ဒီဖက်ထဲမှာ ကုန်သွယ်ဖို့ပစ်တာမရှိဘူး ပစ်တဲ့နေရာကသီးသန့်ရှိတယ်ပဲခူးရိုးမဖက်ဆို ရောင်းဖိုကောစားဖို့ကောပစ်တယ် အဲမှာ အမဲလိုက်မုဆိုးတွေသစ်ဆွဲသမားတွေရှိတယ်ပေါ့နော် သူတို့ကအမြဲပစ်တယ်။ တောင်နဲ့အနီးဆုံးရှိတာကရသေ့ပြန်ရွာပေါ့ ဒီရွာသားကတော့မပစ်ဘူးတခြားရွာသားကလာပစ်တဲ့ပုံစံမျိုးပါ။ ရသေ့ပြန်တောင်မှာပဲသူတို့နေတာ သူတို့အတွက် စားကျက်ပေးသတ်မှတ်ထားတာပေါ့ ဘာဖြစ်လို့လည်းတိုတော့ ရသေ့ပြန်တောင်ကနေတခြားဖက်ကူးသွားလို့ရတဲ့ နေရာလည်းမရှိတော့သူတို့အတွက်ပဲဒီတောင်တခုစားကျက်နေရာဖြစ်နေတာပါ “ လို့ ဘားအံဒေသခံ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူ ကိုစောကိုဦးက ဆိုပါတယ်။
စစ်အာဏသိမ်းပြီးနောက်တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ခံရမှုပိုများလာသလို ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရင်ကလောက်ထိထိရောက်ရောက်မလုပ်နိုင်တော့တဲ့အတွက် အားနည်းမှုတွေရှိလာတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်ကတော့တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားတဲ့ မှောင်ခိုလောကကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲ နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ၊ နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ပေါ်လစီတွေ၊ တော်လှန်ရေးကာလမှာ စီမံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ထုံလုပ်နည်းတွေရှိပေမယ့် ထိရောက်ဖို့နဲ့ကျယ်ကျယ်ပြန့်ပြန်လုပ်ဖို့ စိန်ခေါ်မှုတွေရှ်တယ်လို့ DNA ကိုဖြေကြားထားပါတယ်။
“ကျွန်တော်တို့က ပေါ်လစီတစ်ခု ထုတ်ပြီးဆိုရင်တော့ အကုန်လုံးကို ဖြန့်တာပါပဲ။ ပြသနာက ဘာလဲဆိုတော့ကာကွယ်ရေးတပ်တွေ ရှိတဲ့ နေရာ တော်တော်များများက ဆက်သွယ်ရေး အခက်အခဲတွေ ရှိတယ်။ တချို့နေရာမှာဦးဆောင်တဲ့ သူတွေတောင်မှ ကျွန်တော်တို့ရဲ့ လုပ်ထုံလုပ်နည်းတွေ ပေါ်လစီမူတွေကို မသိဘူး။ မမြင်ဘူးကိစ္စတွေရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဆင့်ဆင့် ပို့ပြီးတော့ ဆောင်ရွက်နေတာမျိုးရှိတယ်။ ဒါပေမဲ့ စစ်ဘက်ရေးရာကို ဦးဆောင်တဲ့ သူတွေက များတဲ့အခါမှာ တချို့နေရာမှာ အခုဆိုရင် မိုဘိုင်းဖုန်းတွေတောင်အကန့်အသတ်နဲ့ သုံးခိုင်းတာမျိုး လုပ်လာတာရှိတယ်။ လုံခြုံရေးကြောင့်ပေါ့နော်။ စစ်ဘက်ရေးရာ လူကြီးတွေကထိန်းချုပ်တာက တစ်ကြောင်း၊ သူတို့နည်းသူတို့ဟန်နဲ့ အကန့်အသတ်နဲ့ ဆောင်ရွက်ရတာတွေ ဖြစ်နေတော့ ကျနော်တို့ရဲ့ မူဘောင်တွေ၊ ပေါ်လစီတွေကို ထိထိရောက်ရောက် ဖြန့်ကျက်နိုင်ဖို့ ကျွန်တော်တို့မှာ စိန်ခေါ်မှု ကြီးကြီးမားမားရှိနေတာမျိုးပေါ့နော်။ စစ်ဘက်ဆိုင်ရာကို စဉ်းစားပြီးမှ အလုပ်လုပ်တဲ့ အခါကြတော့ ဒီလိုကိစ္စရပ်တွေက ဘယ်သူမှအာရုံထဲမှာ ရှိမနေဘူး။ ဒါကလည်းကျနော်တို့အတွက် စိန်ခေါ်မှုအများကြီးရှိပါတယ် “ လို့NUG အစိုးရ သဘာဝပတ်ကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာတူးခေါင်က ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းရောင်းဝယ်ဖောက်ကားမှုတွေ၊ အမဲလိုက်မှုတွေ၊ ရှားပါးသားငှက်ရောင်းဝယ်ဖောက်ကားမှုတွေ ပိုမိုများပြားလာပေးမဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ သုတေသနလုပ်ငန်းတွေ မလုပ်နိုင်သလို မြေပြင်အချက်အလက် ဒေတာတွေ မရနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ထိန်းသိမ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။