ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးလှကြည် ပစ်ခတ်ခံရ

ဇွန်၊ ၂၃
 
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြိုတော် C ဘလောက် ၁ လမ်းနဲ့ စိန်ပန်းလမ်းမှာ ဒီကနေ့ ညပိုင်းက မြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးကော်မတီဝင် တဦးဖြစ်တဲ့ ဦးလှကြည် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
” အားလုံးပေါင်း ၁၂ ချက်လောက်ရှိတယ်၊ ပစ်သွားတာ။ ပစ်တာက အနီးကပ် ပစ်သွားတော့ အသက်ကတော့ မရှင်နိုင်ဘူး။ အခုနောက်ဆုံး ကြားတာကတော့ သေပြီလို့လည်း ကြားတယ် ” လို့ ယုဇနဥယျာဥ်မြိုတော် C ဘလောက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
 
ဒီကနေ့ည ၇ နာရီခန့်က မြို့နယ်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးလှကြည်ဟာ အပြင်ကနေ ကားနဲ့ နေအိမ်ကို ပြန်လာစဥ် သေနတ်သမားနှစ်ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြစ်စဥ်ကိုသိရှိတဲ့ ယုဇနဥယျာဥ်မြိုတော် C ဘလောက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
 
” တွေ့လိုက်တဲ့ လူတွေ ပြောတာတော့ ညာဘက်ရင်အုံရယ်၊ ညာဘက်နံဘေးရယ်၊ ဘယ်ဘက်အခြမ်း ရင်ဘက်တွေမှာ ထိသွားတာ။ အဲ့လိုဖြစ်သွားတော့ ဘယ်သူမှလည်း မကြည့်ရဲဘဲ အိမ်ထဲဝင်ပြေးကြတာ ” လို့ ယုဇနဥယျာဥ်မြိုတော် C ဘလောက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။
 
ပစ်ခတ်ခံရမှု အပြီးမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကားနှစ်စီးနဲ့ ရောက်ရှိလာပြီး လမ်းပိတ်ဆို့တာ၊ ပစ်ခတ်ခံရတဲ့ ဦးလှကြည်ကို ဆေးရုံကားနဲ့ ဆေးရုံကို ပို့ဆောင်တာတွေ လုပ်ခဲ့ပြီး ပစ်ခတ်မှုဖြစ်စဥ်ကို မြင်တွေ့ခဲ့သူအချို့နဲ့ လမ်းအတွင်းမှာ ဖွင့်ထားတဲ့ စျေးဆိုင်တွေက CCTV မှတ်တမ်းရယူတာတွေကို လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
 
ပစ်ခတ်ခံရသူ ဦးလှကြည်ဟာ ၉၃ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း တဦးဖြစ်ပြီး စစ်တပ်ထောက်ခံသူတဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ယုဇနဥယျာဥ်မြို့တော်ရဲ့ A,B,C ဘလောက်တွေမှာ ရှာဖွေတာတွေအပြင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်ရဲ့ လမ်းတွေမှာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
 
အခုလို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးလှကြည်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာ Dagon Seikkan PDF အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုထားပါတယ်။
 
“ လက်ရှိ ICUထဲမှာ။ သေနတ်ဒဏ်ရာကြောင့် သေနိုင်တယ် ” လို့ ဖြစ်စဉ်ကို သိရှိသူတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media