အင်းတော်မှာ လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးအပါအဝင် အရပ်သားသုံးဦးဒဏ်ရာရ

ဇွန်၊​၂၃
 
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က မြို့အပြင်တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာကြောင့် ကလေးငယ်တဦး အပါအဝင် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော် ရီဖော်လူးရှင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ စစ်တပ်ကုန်းကနေ သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ သုံးရက်လောက်ရှိပြီဗျ။ မြို့ရဲ့ မြောက်ဖက်နဲ့ အရှေ့တောင်ဖက်ကို ပစ်နေတာပါ။ စစ်ရေးတင်းမာတာမျိုးတော့ မရှိဘူး ဒီအတိုင်းပဲ ရမ်းပစ်နေတာပါ။ အခုလို ပစ်နေလို့ ရှောင်နေရတာမျိုးတော့ မရှိဘူး ဒါပေမယ့် စိုးရိမ်စိတ်နဲ့ နေရတာပေါ့ ဘယ်ချိန်ကိုယ်အနားကျ ပေါက်ကွဲမလဲဆိုပြီး လန့်နေကြတယ် “ လို့ သူကဆိုပါတယ်။
 
ဒီလ ၂၁ ရက်၊ ညနေ ၆ နာရီ လောက်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးကုန်းကနေ ပစ်ခတ်မှုကြောင့် နဘားရွာဖက်ရှိ နဘားလမ်းဆုံအနီး စော်မော်ချောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပင်ဝယ်ရွာမှ သုံးဘီးမောင်းတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦး ဝမ်းဗိုက်ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သူကဆိုပါတယ်။
 
အလားတူပဲ ဒီလ ၂၂ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကမ်းနီရွာအနီး‌ လယ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ထဲရှိ အသက် ငါးနှစ်အရွယ် ကလေးတဦးနဲ့ အသက်၂၅ ကျော်အရွယ် မိခင်တဦး ထိခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။
 
“ မြို့ရဲ့ ငါးမိုင်ပတ်လည်လောက်ကို စစ်ကြောင်းမထိုးတော့ဘဲ သူတို့က လက်နက်ကြီးတွေနဲ့ အခုလို ပစ်နေတာပေါ့။ အရင်ကတော့ စစ်ကြောင်းထိုးတာ ထိုးတဲ့အချိန် သူတို့အမြဲတမ်း တိုက်ခိုက်ခံရပြီး အထိနာတော့ အခုလိုတွေ လုပ်နေတာပါ။ ရွာတွေဖက်ကို ထုနေတော့ ပြည်သူတွေထိတာပေါ့ဗျ “ လို့ အင်းတော် ရီဖော်လူးရှင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အင်းတော်မြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လတ်တလောမှာ မြို့အပြင်တွေက်ို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ထုနေသလို မနေ့ကနဲ့ ဒီကနေ့ ညနေပိုင်းမှာလည်း ဒရုန်းနဲ့ ဗုံးကြဲချတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ခရီးသွားပြည်သူတွေမှာ စိုရိမ်ထိန်လန့်နေရတယ်လို့ အင်းတော်ဒေသခံတဦးက ဆိုပါတယ်။
 
“ အခု သူတို့ပစ်နေတဲ့ နဘားလမ်းဆုံဆိုတာ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီး ဘေးမှာပေါ့။ အင်းတော်မှာ မနက် ၆ ညနေ ၆ ပိတ်ထားတော့ ကုန်ကားတွေ ခရီးသယ်ကားတွေက အဲနားက ထမင်းဆိုင်တွေမှာ ညအိပ်ကြတာပေါ့။ သူတို့က ပစ်နေတော့ ရှေ့လည်း တိုးမရ နောက်လည်း ဆုတ်မရဆိုတော့ ကြောက်ကြောက်လန့်လန့်နဲ့ အဲနားနေရတာပဲ “ လို့ သူကဆိုပါတယ်။
 
အင်းတော်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ည ၆ နာရီမှ စတင်ပြီး မနက် ၆ နာရီအထိ အင်းတော်မြို့ထဲကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာပါ။
 
ဓာတ်ပုံ – MM Military