ဇွန်၊ ၂၃
စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းတွေအနေနဲ့ ရုံး တက်၊ ရုံးဆင်း ပြုလုပ်တာနဲ့ ပြင်ပနေရာတွေကို သွားလာရာမှာ လုံခြုံရေးအရ ဌာနယူနီဖောင်း မဝတ်ဖို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီအချက်အပါအဝင် လက်အောက်ခံ ဝန်ထမ်းတွေ လိုက်နာကြဖို့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက် ခြောက်ချက်ကို စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည် ဝန်ကြီးဌာနက ဇွန် ၁၉ ရက်စွဲနဲ့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက လက်အောက်ခံ ရုံးတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန က မြေတိုင်း-၄ ဦးကျော်မျိုးထွေးဟာ ရုံးဆင်းချိန် ညနေပိုင်းမှာ မိသားစုဆီ ပြန်သွားရာက လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် အခုလို ထုတ်ပြန်လာတာလို့ အဲ့ဒီဌာနဝန်ထမ်းတွေက ပြောပါတယ်။
“ အဲဒီ ကန့်ဘလူက မြေတိုင်း ၄ ဖမ်းခံရတဲ့ ကိစ္စကြောင့်ပဲ အခုလို ထုတ်ပြန်လိုက်တာ၊ အော်ဗျာ မိသားစုဆီတော့ ပြန်မှာပေါ့ဗျာ၊ သူ့မှာလည်း သူ့အခက်အခဲရှိမှာပေါ့ ” လို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးအရာရှိတဦးက DNA ကို ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကန့်ဘလူ ဖြစ်စဉ်က ဖမ်းဆီးခံရတဲ့ ဝန်ထမ်းဟာ အသိ၊ သတိနဲ့ မနေဘဲ သောကြာနေ့ မိန်းမဆီ ပြန်တာဖြစ်တဲ့အတွက် ကာယကံရှင်ရဲ့ တာဝန်သာဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
ဒါဟာ ဝန်ကြီးဌာနအနေနဲ့ ကိုယ့်ဝန်ထမ်းအပေါ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ စကားဖြစ်ကြောင်းနဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ မှတ်ချက်နဲ့ အတူတူပဲလို့ အဲ့ဒီဌာန ဝန်ထမ်းအသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။
“ ဘာအကြောင်းပဲဖြစ်ဖြစ် ပြောကြတာများတယ်၊ အခုကလည်း ခုနကပြောသလို၊ သူ့မှာ တခြားပြဿနာတွေလည်း ရှိမယ်၊ နောက်တော့ဗျာ ပိတ်ရက်လေ၊ ပြန်ကြမှာပေါ့ဗျာ၊ ဖြစ်သွားတယ်ထားပါတော့၊ နောက်ဒီလိုမျိုး မဖြစ်အောင် သတိထားကြပါ၊ အဲလိုမျိုး မပြောဘဲနဲ့ ဖြစ်သွားတဲ့သူကိုတောင် အပြစ်ပြောနေတာက မကောင်းဘူးနော်၊ ဒါက လူကြီးတယောက်ရဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ စကားပဲ၊ ပြီးရင် ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေကို ပြသနေတာပဲ ” လို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အရာရှိက ဝေဖန်ပါတယ်။
စစ်ကောင်စီ စိုက်/မွေး/ဆည် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဝန်ထမ်းတွေအနေနဲ့ ဒေသန္တရဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာကြဖို့၊ သတ်မှတ်ထားတဲ့ ဝန်ထမ်းအိမ်ယာတွေမှာသာ နေထိုင်ကြဖို့၊ သာရေး/နာရေးကိစ္စတွေ ရှိလာရင် အထက်အဆင့်ဆင့်ကို သတင်းပေးပို့ ခွင့်ပြုချက်တောင်းခံ ရယူပြီးမှသာ ဆောင်ရွက်ကြဖို့ စတာတွေ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ရုံးတက်/ရုံးဆင်းချိန်အတွင်း တာဝန်မှအပ ပြင်ပကို ထွက်ခွာခြင်း မပြုကြဖို့၊ နယ်မြေလုံခြုံရေးအရ ရုံးတက်/ရုံးဆင်း ပြုလုပ်ခြင်းနဲ့ ပြင်ပနေရာတွေကို သွားလာရာမှာ သတ်မှတ် ယူနီဖောင်း ဝတ်ဆင်သွားလာခြင်းမျိုး ရှောင်ကြဉ်ကြဖို့ အပါအဝင် တစ်ဖက်အဖွဲ့အစည်းတွေရဲ့ သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်းများ ရှိလာမယ်ဆိုရင် အမြန်ဆုံး နီးစပ်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းပေးပို့ အကြောင်းကြားဖို့ အချက် တွေ ပါဝင်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ပစ်မှတ်ထား သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာပြီး နောက်ဝန်ထမ်းတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာ မလုပ်ကြဖို့၊ ရုံးယူနီဖောင်းနဲ့ ရုံးတက်သွားလာခြင်း မပြုလုပ်ကြဖို့၊ ရုံးပတ်ဝန်းကျင်နဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်လူတွေကို တွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကို သတင်းပေးပို့ကြဖို့ကို ဝန်ကြီးဌာနအသီးသီးကနေ သက်ဆိုင်ရာဝန်ထမ်းတွေကို နှုတ်နဲ့ အသိပေးညွှန်ကြားတာမျိုးတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေက ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့ စစ်ဘက်ဆိုင်ရာရုံးတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လ.ဝ.က အစရှိတဲ့ ဌာနတွေကိုတော့ စာနဲ့ညွှန်ကြားတာတွေလည်း ရှိပါတယ်။
ဓာတ်ပုံ- Google