ဇွန်၊ ၂၃
စတီရီယိုခေတ်ဦး ကာလမှာ အောင်မြင်တဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့တဲ့ နိုင်ငံကျော်အဆိုတော် စိမ်းမို့မို့ဟာ ဒီကနေ့ ဇွန်လ ၂၃ ရက်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂီတအသိုင်းအဝိုင်းထံက သိရပါတယ်။
အဆိုတော် စိမ်းမို့မို့ဟာ ကင်ဆာရောဂါနဲ့ Green Cross ဆေးရုံမှာ ဒီကနေ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဂီတအသိုင်းအဝိုင်းက မိတ်ဆွေသူငယ်ချင်းတွေကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။
နိုင်ငံကျော်အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် တင်ဇာမော် ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” ချစ်ရတဲ့ မမို့ … (စိမ်းမို့မို့) သံသရာတစ်ကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ် … ချစ်ချစ်ခင်ခင်ရှိခဲ့ကြတဲ့ အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။ မမြဲတဲ့ နှိပ်စက်တတ်တဲ့ ခန္ဓာ ရခြင်းမှ လွတ်မြောက်ရာသို့ ရောက်ရှိစံစားနိုင်ပါစေ ” လို့ ရေးသားခဲ့ပါတယ်။
အဆိုတော် စိမ်းမို့မို့ သီဆိုခဲ့တဲ့ သီချင်းပေါင်းများစွာထဲမှာ တောင်ပြာတန်းက မောင်မောင်စစ်သည်၊ အပြုံးကို အပြီးထားခဲ့၊ မျက်ဝန်းစကား၊ စတော်ဘယ်ရီချစ်သည်းရှင် စတဲ့သီချင်းတွေဟာ ထင်ရှားအောင်မြင်တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။