စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

ဇွန်၊​၂၃
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ S&C ပရဟိတအဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်က ဇွန် ၂၁ ရက်မှာ ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးရက်ကြာတဲ့အထိ မိသားစုဝင်တွေအပါအဝင် အဖွဲ့နဲ့ပါ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက DNA ကိုပြောပါတယ်။
 
” အဖမ်းခံရတာက ယင်းမာပင်မြို့နယ်ဘက်မှာ ပရဟိတလုပ်ငန်းလုပ်ပြီး ဆိုင်ကယ်နဲ့ အပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားလိုက်တာ။ သူ့ကို ပရဟိတလုပ်နေတဲ့သူလို့လည်း စစ်ကောင်စီတပ်က မသိဘူး။ ရမ်းပြီး ဖမ်းသွားတာ ” လို့ S&C ပရဟိတအဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ယင်းမာပင်မြို့နယ်က မီးရှို့ခံထားရတဲ့ ရွာက စစ်ရှောင်တွေသောက်သုံးရေရအောင် စက်ရေတွင်းတူးဖို့ သွားရောက်ကူညီရာက အပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ယာယီဂိတ်တဲကို ဖြတ်ချိန်မှာ ဖမ်းဆီးခံရတာလို့ လွတ်လပ်တဲ့အာရှအသံ RFA က ရေးသားထားပါတယ်။
 
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ S&C ပရဟိတအဖွဲ့ဝင်ဖြစ်သူဟာ အသက် သုံးဆယ် ဝန်းကျင်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူ့ကို စစ်ကောင်စီတပ်က ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာ ခေါ်ဆောင်ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆက်ပြောပါတယ်။
 
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ဟာ စစ်ကိုင်းတိုင်းအတွင်းထဲက စစ်ဘေးရှောင် အရပ်သားတွေနဲ့ မီးဘေးသင့်သူတွေကို အဓိကကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတခု ဖြစ်ပါတယ်။
 
အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီတပ် မီးရှို့ခံရတဲ့ ကျေးရွာတွေမှာ နေအိမ်အလုံးရှစ်ရာကျော်နဲ့ ယက္ကန်းစင်တွေ လှူဒါန်းပေးထားသလို ပညာရေး၊ ကျန်းမာရေးကိစ္စတွေ အပါအဝင် လိုအပ်တဲ့ နေရာတွေမှာ ကူညီပေးနေတာလည်း ရှိပါတယ်။
 
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ S&C ပရဟိတအဖွဲ့ဝင် အမျိုးသားရဲ့ မိသားစုဝင်တွေကလည်း ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြသလို သုံးရက်ကြာတဲ့ အထိ အဆက်အသွယ်မရသေးတာကြောင့် စိုးရိမ်ပူပန်နေတယ်လို့လည်း ဆိုပါတယ်။
 
” ဒီနေ့အထိ သူနဲ့အဆက်အသွယ် မရသေးပါဘူး။ သူ ဘယ်မှာ အဖမ်းခံထားရတယ်ဆိုတာလည်း မသိရသေးဘူး။ သူ့မိသားစုဝင်တွေကလည်း အရမ်းကိုစိုးရိမ်ပြီး စိတ်ပူနေကြတယ် ” လို့ S&C အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
ဓာတ်ပုံ​- S&C