တမူးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ တပတ်ကြာတဲ့အထိ တိုက်ပွဲပြင်းထန်နေ

ဇွန်၊ ၂၃
 
စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တပတ်ကြာအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းလည်း အသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
 
“ ကျွန်တော်တို့ စပြီး ရွာကိုဝင်စီးတော့ သူတို့တွေ ကတုတ်ကျင်းတွေကနေ ထွက်ပြီး ပစ်ကြတာ၊ လေကြောင်းလည်း ဆက်တိုက်လာတာ အခုဆို တပတ်ရှိပြီ၊ ပေါင်နှစ်ရာဗုံးတွေ ထောက်ပို့လေယာဉ်တွေ သုံးပြီးကို သူတို့ဘက်က ချနေတာ၊ ကျွန်တော်တို့ ရဲဘော်တွေတော့ ထိခိုက်ဒဏ်ရာ ရတာရှိပေမယ့် အကျအဆုံးတော့ မရှိသေးဘူး ” လို့ တမူး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
တမူးမြို့နယ် ပန်းသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တမူခရိုင် PDF တပ်ရင်း (၁)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ရာက တိုက်ပွဲတွေ စဖြစ်ခဲ့တာလို့ သူကပြောပါ တယ်။
 
အဲ့ဒီတိုက်ပွဲအစောပိုင်းသတင်းတွေအရ စစ်ကောင်စီကဘက်က ထိခိုက်သေဆုံးသူတွေ ရှိနေပြီး ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ စခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
 
တမူးမြို့တောင်ဘက် ခုနစ်မိုင်ကျော်အကွာ တမူး-ကလေး လမ်းမကြီးပေါ်မှာရှိတဲ့ ပန်းသာရွာဟာ ပျူစောထီးရွာ အဖြစ် ဒေသတွင်းမှာ လူသိများသလို စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲအထိုင်ချလေ့ရှိတာကြောင့် တိုက်ပွဲတွေ မကြာမကြာဖြစ် လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် အဲ့ဒီရွာက ဒေသခံ တရာလောက် တိမ်းရှောင်နေကြရပြီး ရိက္ခာ၊ အဝတ်အထည်နဲ့ အဆုံးအဆောင်တွေ လိုအပ်နေကြတယ်လို့ ပန်းသာရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။
 
“ ရွာကို သူတို့ (စစ်ကောင်စီတပ်)ရောက်လာကတည်းက NLD ထောက်ခံအိမ်တွေနဲ့ သူတို့စိတ်တိုင်းမကျတဲ့ အိမ်တွေကို မီးရှို့တယ်၊ ယောင်္ကျားလေးတွေဆို ဘယ်သွားသွား မိသားစုနဲ့ အတူတူမသွားခိုင်းဘူး၊ PDF တွေက ပန်းသာကလူဆို သတ်ပစ် (လိမ့်)မယ်ပြောပြီး မထွက်ခိုင်းဘူး၊ အခုတိုက်ပွဲဖြစ်လို့ PDF တွေကယ်တော့မှ ကျွန်တော်တို့ နားလည်တော့တယ် ” လို့ အသက်ခုနစ်ဆယ်ကျော်အရွယ် ပန်းသာရွာခံ သက်ကြီးအမျိုးသားတဦးက DNA ကိုပြောပါ တယ်။
 
ဓာတ်ပုံ – Social Media