ချင်း လွတ်မြောက်နယ်မြေက ဆေးရုံမှာ ငှက်ဖျားရောဂါ ကုသရမှုများနေ

ဇွန်၊ ၂၃
 
ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ ကုတင် နှစ်ဆယ်ဆံ့ ဆေးရုံ တရုံကို ဖွင့်လှစ်ထားပြီး ရက်ပေါင်း လေးဆယ်ခန့်မှာ လူနာပေါင်း လေးရာကျော်ကို ဆေးကုသပေးနိုင်ခဲ့သလို ဆေးလာကုတဲ့ အရပ်သားထဲ ငှက်ဖျားရောဂါလည်း တော်တော်အဖြစ်များလာတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။
 
“ ပြည်သူတွေက သူတို့ ရှိနေတဲ့ နေရာကနေ ရွာကနေ ဆေးခန်း ပြဖို့အတွက်ဆိုရင် လတ်တလောအထိ ဒီမှာက မြို့ထဲမှာပဲ ကျန်းမာရေးဝန်ဆောင်မှုက ရနိုင်တယ်။ အဲအထဲမှာက မြို့ထဲမှာကလည်း ဝန်ထမ်းအင်အား မလောက်ငှဘူး။ ဝန်ဆောင်မှု ကောင်းကောင်းမပေးနိုင်ဘူး။ ဆိုတော့ ကျနော်တို့ ပြည်သူတွေ အရမ်းနစ်နာတယ်။ အခုလိုမျိုး ဆေးရုံ၊ ဆေးခန်း တွေ ဖွင့်လာနိုင်ပြီဆိုရင် မိုင်နာကေစ့်တွေနဲ့ အင်မာဂျင်စီကေ့စ်တွေကို ကျနော်တို့က လုပ်ပြီးတော့မှ ပြုလုပ်ပေးနိုင်မယ်ဆိုရင် မြို့ပေါ် ဆေးသွားကုရင် ပိုအဆင်ပြေသွားနိုင်လို့ အဲလို ရည်ရွယ်ချက်နဲ့ ဖွင့်ထားခြင်း ဖြစ်ပါတယ် ” လို့ ချင်းရေးရာအဖွဲ့ချုပ်က (ICA)လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆေးစံ က ပြောပါတယ်။
 
လွတ်မြောက်နယ်မြေက Lailun ဆေးရုံကို ဆေးလာကုသသူအများစုဟာ ရာသီပေါ်အဖျားရောဂါတွေ၊ တုတ်ကွေးတို့ ဖြစ်ကြပါတယ်လို့လည်း ပြောပါတယ်။ အဲဒီဒေသမှာ မဖြစ်ပွားတော့ဘူးလို့ ယူဆထားတဲ့ ငှက်ဖျားရောဂါဟာလည်း တော်တော်များများ အဖြစ်များလာပြီး အသေးစိတ်ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေ တနေရာမှာ Lailun ဆေးရုံးကို ကုတင် နှစ်ဆယ်ဆံ့ဆေးရုံးအဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီကနေ့ ဇွန်လ ၂၃ ရက်အထိ လူနာပေါင်း ၄၂၀ ကျော်ကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျေးရွာတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ဆေးခန်း နှစ်ခန်းကိုလည်း ဖွင့်လှစ်ကုသပေးနေပြီး အာဏာသိမ်းမှု နှစ်နှစ်ကျော် ကာလအတွင်းမှာ လူနာပေါင်း ခုနှစ်ထောင်ကျော်ကို ဆေးဝါကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီဆေးရုံဟာ တရွာကို အိမ်ခြေ ငါးဆယ်ခန့် ပျှမ်းမျှ ရှိနေတဲ့ ကျေးရွာပေါင်း ငါးဆယ်နီးပါးကို လွှမ်းခြုံကုသပေးနေပြီး စစ်ရှောင်စခန်းနဲ့ တချို့ ဒေသတွေကို ဆေးပေးခန်းနဲ့ မိုဘိုင်းဆေးခန်းတွေကနေ ကျန်းမာရေးဝန်ဆောင်မှု ပေးပါတယ်။
 
ဆေးရုံးမှာ အမြဲတမ်း ဆရာဝန် တဦး၊ သူနာပြု နှစ်ဦးနဲ့ အချိန်ပိုင်း ဝန်ထမ်း ရှစ်ဦးခန့် နဲ့ လည်ပတ်နေပြီး အခုနောက်ပိုင်းမှာ ချင်းပြည်သူတွေဟာ ပိုမိုများပြားစွာ တက်ရောက်လာတဲ့အတွက် ဝန်ထမ်းမလုံလောက်မှု၊ အဆောက်အအုံ မလုံလောက်မှုတွေကြောင့် ထပ်မံတိုးချဲ့နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
 
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက်လည်း Champhai ခရိုင်အတွင်းက Zokhawthar ရွာမှာ ဆေးခန်းနဲ့ မိုဘိုင်းဆေးခန်းတွေကနေ စစ်ရှောင်လူနာပေါင်း ငါးထောင်နီးပါးကို ကုသပေးခဲ့ပီဖြစ်တယ်လို့ သိရပါတယ်။ Aizawl မြို့နဲ့ အနီးတဝိုက်က စစ်ရှောင်စခန်းတွေက လူနာပေါင်း သုံးရာကျော်ကိုလည်း ကုသခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီဆေးရုံးနဲ့ ဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းအများစုဟာ CDM ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပြီး ထောက်ပံ့ကြေး အနည်းငယ်နဲ့သာ ရပ်တည်နေကြရတဲ့အတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။
 
ဆေးဝါးကုသရန် လာရောက်မှု ပိုမိုများပြားလာတဲ့ အဲဒီဆေးရုံ ဆေးခန်းတွေအတွက် ရေရှည်ရပ်တည်နိုင်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ ပေးနိုင်ဖို့ ပြည်တွင်း၊ ပြည်ပက ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ဝိုင်းဝန်ကူညီကြဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
 
ချင်းရေးရာအဖွဲ့ချုပ် (ICA) ဟာ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုအပြင် ပညာရေး၊ သုတေသနနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
 
ဓာတ်ပုံ – ICA