နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ်တခု ထူထောင်ခဲ့တယ်လို့ ဘိုင်ဒန်နဲ့ မိုဒီ ကြေညာ

ဇွန်၊ ၂၃

နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍမှာ ခေတ်သစ်တခုကို ထူထောင်နိုင်ခဲ့ပြီလို့ အမေရိကန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေက ပူးတွဲ ကြေညာခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ ဝါရှင်တန် ခရီးစဉ်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့တဲ့နောက် နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံလုံးရဲ့ ဘုံတူညီတဲ့ ခါးသီးပြိုင်ဘက် တရုတ်ရဲ့ ကမ္ဘာအနှံ့ အင်အားချဲ့ထွင်ဖို့ အားထုတ်လာတဲ့ ခြေလှမ်းတွေကို လက်တွဲ တားဆီးဖို့လည်း မိုဒီနဲ့ ဘိုင်ဒန်တို့ သဘောတူခဲ့ကြပါတယ်။

ဇွန်လ ၂၂ ရက်က အိမ်ဖြူတော်ကို မိုဒီ ရောက်ရှိလာချိန်မှာ အိမ်ရှင်နိုင်ငံ သမ္မတက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ပါတယ်။ နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံချိန်မှာ ဘိုင်ဒန်က ‘ခမ်းနားတဲ့ နှစ်နိုင်ငံ၊ ခမ်းနားတဲ့ မိတ်ဆွေတွေ၊ ခမ်းနားတဲ့ အင်အားတွေအတွက် ရည်စူးပြီး ချီးယားစ်’လို့ ပြောခဲ့သလို မိုဒီကလည်း ဘိုင်ဒန်ဟာ အပြောအဆို သိမ်မွေ့ပေမယ့် အလုပ်အကိုင် အင်မတန် ပြတ်သားသူ တဦးအဖြစ် ချီးကျူးခဲ့ပါတယ်။

အမေရိကန်နဲ့ အိန္ဒိယတို့ဟာ မဟာမိတ် စာချုပ် ချုပ်ဆိုထားတဲ့ နိုင်ငံတွေ မဟုတ်သလို အိန္ဒိယကလည်း အမှီအခိုကင်းတဲ့ ရပ်တည်မှုမျိုးကိုသာ ကာလရှည်ကြာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အာရှတိုက်မှာ တရုတ်ရဲ့ ဩဇာဖြန့်ကျက်မှု ခြေလှမ်းတွေကို တန်ပြန်ဖို့အတွက် အိန္ဒိယဟာ အရေးပါတဲ့ မိတ်ဖက်အဖြစ် အမေရိကန်က ယူဆထားပါတယ်။

အိမ်ဖြူတော်မှာတော့ ဘိုင်ဒန်နဲ့ မိုဒီတို့ဟာ ၂ နာရီလောက်ကြာအောင် တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်ရာမှာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ် ပင်လယ်တို့မှာ တရုတ်ရေတပ်ရဲ့ ရန်လိုမှုတွေကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေ ပေါ်ပေါက်လာတာကို ဝေဖန်ထားပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ လွတ်လပ်တဲ့ ရေကြောင်း သွားလာခွင့်တွေကို လေးစားလိုက်နာဖို့ အရေးကြီးကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် အစိုးရက ရည်မှန်းချက် ကြီးကြီးနဲ့ မျှော်လင့် ပြင်ဆင်ထားတဲ့တိုင် မိုဒီရဲ့ ခရီးစဉ်ဟာ အငြင်းပွားစရာ အခြေအနေ တချို့နဲ့တော့ ကြုံခဲ့ရပါတယ်။ လစ်ဘရယ် နိုင်ငံရေးသမား တချို့က မိုဒီရဲ့ အစိုးရဟာ မွတ်ဆလင် လူနည်းစုတွေအပေါ် ဖိနှိပ်နေတယ်လို့ ဝေဖန်ပြီး အခုခရီးစဉ်ကို သပိတ်မှောက်ခဲ့ကြပါတယ်။

တဖက်မှာလည်း မိုဒီကို အိမ်ဖြူတော်နားမှာ ဝမ်းပန်းတသာ လာရောက် ကြိုဆို နှုတ်ဆက်ကြသူတွေ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ သတင်းထောက် တဦးက ပြည်တွင်းမှာ မွတ်ဆလင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မြှင့်တင်ပေးဖို့ ဘာတွေ စီစဉ်ထားသလဲလို့ မေးမြန်းတဲ့အခါ မိုဒီက အိန္ဒိယ အစိုးရဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာကိုမှ ခွဲခြားဆက်ဆံနေတာမျိုး မရှိပါဘူးလို့ ဖြေကြားသွားပါတယ်။

 

Ref: Reuters