မိခင်ကို အမြန်ဆုံး ပြန်လွှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား တောင်းဆို

ဇွန်၊ ၂၃

မိခင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်က တောင်းဆိုလိုက်ပါတယ်။

မိခင်ဖြစ်သူက အကျဉ်းထောင်ထဲမှာ လုံးပါးပါးသွားတဲ့ အခြေအနေမျိုးကို သူ့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ကြောင်း ကင်အဲရစ်က BBCနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ အဲရစ်က သူ့မိခင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ပိုမို ကူညီ အားထုတ်ပေးကြဖို့ပါ တိုက်တွန်းသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အရပ်သား အစိုးရကို လက်နက် အားကိုးနဲ့ ဖြုတ်ချပြီး တရားလက်မဲ့ အာဏာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် စွဲချက်တွေတင်ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားခဲ့ပါတယ်။ 

စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ အနှံ့မှာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သလို လူတွေ ထောင်သောင်းချီ သေဆုံးရတဲ့ အခြေအနေမျိုးဆီ ဦးတည်လာခဲ့ပါတယ်။

 ဗြိတိန် နိုင်ငံသား တဦးဖြစ်တဲ့ အဲရစ်က မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အပါအဝင် လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ဘာတခုမှ အသိမပေးဘူးလို့ ပြောပါတယ်။ သူက ဗြိတိန်သံရုံး၊ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွေအပြင် ယုတ်စွအဆုံး နိုင်ငံတကာ ကြက်ခြေနီ တပ်ဖွဲ့ကိုပါ ဆက်သွယ်ခဲ့ပေမယ့် ဘယ်လို အကူအညီမျိုးမှ မရနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အရင်တုန်းကတော့ ဒီကိစ္စတွေမှာ သိပ်ပြီး ဝင်မပါချင်ခဲ့သလို မီဒီယာတွေနဲ့လည်း စကားမပြောချင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာ တခုနဲ့ ပထမဆုံးအကြိမ် အင်တာဗျူးချိန်မှာ အဲရစ်က ပြောပါတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ကနေ ၂၀၁၀ ပြည့်နှစ်ထိ ၁၅ နှစ်နီးပါးလောက် ဖမ်းဆီးထိန်းသိမ်း ခံထားရဖူးပေမယ့် သူက မီဒီယာတွေ​ဆီ ဘာမှတ်ချက်မှ မပေးခဲ့ဖူးပါဘူး။

သူဟာ နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေတာ ပိုကောင်းမယ်လို့ ယူဆခဲ့သလို မိခင်ကလည်း ဝင်မပါစေချင်ခဲ့ကြောင်း၊ ဒါပေမဲ့ သူ့မိခင်ဟာ စစ်တပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီး ထောင်ချခြင်းကို ခံနေရပြီး သူ့အနေနဲ့ လိုလားချက်ကို ထုတ်ပြောသင့်တယ်လို့ ယုံကြည်ကြောင်း အဲရစ်က ပြောကြားသွားပါတယ်။

သူက အာဏာသိမ်းမှု မတိုင်ခင် ကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး လက်ရှိ ကြုံနေရတဲ့ ပြဿနာတွေကိုသာ အာရုံစိုက်စေချင်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်း ဖြစ်နေတဲ့ မိခင်ကို ပြုစုဖို့အတွက် ၁၉၈၈ ခုနှစ်မှာ ဗြိတိန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့နောက်ပိုင်း သားနှစ်ဦးနဲ့ အကြာကြီး ကင်းကွာသွားခဲ့ပါတယ်။ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုလည်း ဆွတ်ခူးခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး နောက်ပိုင်းနှစ်တွေမှာ နိုင်ငံရဲ့ ဒီမိုကရေစီ ရုန်းကန်မှုအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်လာပြီး စစ်အာဏာရှင်တွေရဲ့ အကြိမ်ကြိမ် ပစ်မှတ်ထား ဖမ်းဆီးမှုကိုလည်း ခံခဲ့ရပါတယ်။

၁၉၉၁ ခုနှစ်မှာ ပြည်တွင်းကနေ ထွက်ခွာခဲ့ရင် မြန်မာနိုင်ငံကို ပြန်ခွင့်မရမှာကို ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ခဲ့တဲ့အတွက် အဲဒီတုန်းက အသက် ၁၄ နှစ်သာ ရှိသေးတဲ့ အဲရစ်က မိခင်ကိုယ်စား နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လက်ခံယူပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းသည် ကင်ဆာရောဂါနဲ့ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်သွားချိန်တုန်းကတောင် မိသားစုဆီ မပြန်နိုင်ခဲ့ပါဘူး။

၂၀၁၀ ပြည့်နှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ကနေ လွတ်မြောက်လာတဲ့နောက် အဲရစ်ဟာ မိခင်ဖြစ်သူနဲ့ ပြန်ဆုံဆည်းခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းက ဗြိတိန်ကို မပြန်ခင်မှာ အဲရစ်က ရန်ကုန်မြို့၊ စျေးတခုထဲကနေ ဝယ်လာတဲ့ ခွေးလေး တကောင်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။

လှောင်အိမ်ထဲမှာ ခွေးလေးတွေ အားလုံး အိပ်မောကျနေချိန် အဲဒီ တကောင်ထဲ နိုးကြားနေခဲ့ကြောင်း၊ အဲဒီ အချက်ကြောင့်ပဲ သူက ခွေးလေးကို ဝယ်ဖြစ်ခဲ့ကြောင်း၊ နောက်ပိုင်းမှာတော့ ခွေးလေး တိုက်ချီတိုဟာ သူ့အမေအတွက် သစ္စာအရှိဆုံး အဖော်ပြုပေးခဲ့ကြောင်းလည်း အဲရစ်က အမှတ်တရ ဆိုပါတယ်။ 

သူက မြန်မာစစ်တပ်ဟာ ဒီတိုက်ပွဲကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘဲ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ သူ့မိခင်နဲ့ ဒီမိုကရေစီ အစိုးရဆီ အမြန်ဆုံး အာဏာ ပြန်အပ်လေလေ၊ နိုင်ငံရဲ့ လမ်းကြောင်းမှန်ပေါ် မြန်မြန် ပြန်ရောက်လေလေ ဖြစ်လိမ့်မယ်လို့လည်း အဲရစ်က ပြောကြားသွားပါတယ်။

 

Ref: BBC