IBAကို ဘောက်ဆင် အဖွဲ့ချုပ်အဖြစ် အသိအမှတ် ပြုထားမှုကနေ IOC ဖယ်ရှား

ဇွန်၊ ၂၃

ဘောက်ဆင် အားကစားနည်းကို ကိုယ်စားပြု စီမံခန့်ခွဲတဲ့ အဓိက အာဏာပိုင် အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာ ဘောက်ဆင် အဖွဲ့ချုပ် (​IBA)ကို အသိအမှတ်ပြု သတ်မှတ်ထားတာကို နိုင်ငံတကာ အိုလံပစ် ကော်မတီ (IOC)က ရုပ်သိမ်းလိုက်ပါတယ်။

IOCဟာ စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ အဂတိ ကိစ္စတွေ ရိုက်ခတ်ခဲ့တဲ့ IBAရဲ့ အဖွဲ့ချုပ် သတ်မှတ်ချက်ကို ၂၀၁၉ ခုနှစ် ကတည်းက ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ဇွန်လဆန်းမှာတော့ IOC ဘုတ်အဖွဲ့ အဲဒီ ဆုံးဖြတ်ချက်ကို အမြဲတမ်း အတည်တကျ ပြောင်းလဲ သတ်မှတ်သင့်ပြီလို့ သဘောထား မှတ်ချက် ပေးလာကြပါတယ်။ IBAဟာ လစ်ဟာမှုတွေကို ထိထိရောက်ရောက် ပြင်ဆင်ဖို့ အားထုတ်မှု မရှိခဲ့ဘူးလို့လည်း IOC ဘုတ်အဖွဲ့ဝင်တွေက စွပ်စွဲကြပါတယ်။

ဇွန် ၂၂ ရက်မှာတော့ IBAကို ဘောက်ဆင် အားကစားအတွက် ကိုယ်စားပြုတဲ့ အဖွဲ့ချုပ် အဖြစ်ကနေ နုတ်ပယ်ဖို့ IOC ဘုတ်အဖွဲ့ထဲမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့အခါ မဲပေးသူ ၇၀ အနက် ၆၉ ဦးက ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဧပြီလတုန်းက ကမ္ဘာ့ဘောက်ဆင်ဆိုတဲ့ နိုင်ငံတကာ အားကစား အဖွဲ့ချုပ်သစ် တခုကိုလည်း ထူထောင်ထားခဲ့ပြီး ဖြစ်ပါတယ်။

IBAရဲ့ ဘဏ္ဍာရေး အရှုပ်တော်ပုံတွေ၊ စီမံအုပ်ချုပ်မှုတွေ၊ ကျင့်ဝတ်ပိုင်း စံနှုန်းတွေ၊ ဒိုင်စွမ်းဆောင်ရည်နဲ့ ဆုံးဖြတ်ချက်တွေကို စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ တိုကျို အိုလံပစ်မှာ ဘောက်ဆင် အဖွဲ့ချုပ် လုပ်ငန်းစဉ်တွေကို IOCက လက်လွှဲယူခဲ့ပါတယ်။ လာမယ့် ၂၀၂၄ အိုလံပစ်မှာလည်း ဘောက်ဆင် အားကစားနည်းနဲ့ ပတ်သက်ရင် IOCကပဲ ဆက်ပြီး ထိန်းချုပ်ထားဦးမှာ ဖြစ်ပါတယ်။

IOCကတော့ လာမယ့် နှစ်ပိုင်းတွေအတွင်း ဘောက်ဆင် အားကစားကို သင့်တော်တဲ့ အဖွဲ့ချုပ် တခုခုဆီ အသိအမှတ်ပြု လွှဲပြောင်း ကြီးကြပ်ခွင့် ပြုမယ်လို့ ကတိပေးထားပါတယ်။ တခြား အားကစားတွေနည်းတူ ဘောက်ဆင်သမားတွေလည်း ဂုဏ်သိက္ခာရှိပြီး ပွင့်လင်းမြင်သာမှု ပြည့်ဝတဲ့ နိုင်ငံတကာ အဖွဲ့ချုပ် တခုရဲ့ စီမံခန့်ခွဲမှုနဲ့ အပြည့်အဝ ထိုက်တန်ကြောင်း IOCရဲ့ ဥက္ကဋ္ဌ သောမတ်စ် ဘာ့ချ်က ပြောပါတယ်။

IBAဟာ အခုကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ အားကစားခုံရုံးမှာ အယူခံဝင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပယ်ချ ခံခဲ့ရပါတယ်။ IBAကတော့ IOCရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ လက်ခံနိုင်စရာ မရှိသလို နောက်ကွယ်မှာ မူဝါဒပိုင်းဆိုင်ရာ မရိုးမသား စေ့ဆော်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန် စွပ်စွဲထားပါတယ်။

 

Ref: BBC