သွေးသောက်အဖွဲ့ဝင်တဦးကို ဖမ်းဆီးလာစဉ် ပြန်ခုခံလို့ ပစ်ခတ်ရာ သေဆုံး

ဇွန်၊ ၂၂
 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှားစေးချက်ကြီး ကျေးရွာမှာ သွေးသောက် အဖွဲ့ဝင်တဦးကို ဖမ်းဆီးခေါ်ဆောင်လာစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ သွေးသောက်လို့သာ ပြောတာ တကယ်က ပျူတွေပဲ။ အဲ့ကောင် အဲ့ရောက်နေတယ်လို့ သတင်းရလို့ သွားစစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့အဖွဲ့က ဖမ်းပြီး စခန်းကို ခေါ်လာတာ လမ်းမှာ ဆိုင်ကယ်ပေါ်ကနေ ခုန်ချပြီး ပြန်ခုခံလို့ ကျွန်တော်တို့က သေနတ်နဲ့ပစ်ပြီး ပြန်ဖမ်းရင်း သေသွားတာ “ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ဒီကနေ့ ဇွန်လ ၂၂ ရက်၊ မနက်အစောပိုင်းမှာ ရှားစေးချက်ကြီးရွာမှာ မင်္သကာဖွယ်ရာ လူတယောက် ရောက်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးမှုကြောင့် မြနန္ဒာစစ်ဆင်ရေး Never Give Up Fighter Force အဖွဲ့ မှ သွားရောက်စစ်ဆေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
 
အဲ့ဒီလို မေးမြန်းရာမှာ မတ္တရာမြို့နယ်အတွင်း ပြည်သူတွေကို မကြာခဏ လိုက်လံသတ်ဖြတ်နေတဲ့ ပျူစောထီး ဒလန် ဆရာဦးပိုင် (ခ) ဦးပိုင်သူ ဆိုသူဖြစ်တာ စစ်ဆေးတွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖမ်းဆီးခေါ်ဆောင်လာစဉ် လမ်းမှာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသွားသူ ဦးပိုင်ဆိုသူထံမှ မိုဘိုင်းဖုန်း နှစ်လုံး၊ ဝေါ်ကီတော်ကီ တလုံး၊ သွေးသောက်အမှတ်တံဆိပ်ပါ ရင်ထိုး တခုနဲ့ ကတ်ပြားတခု သိမ်းဆည်းရမိခဲ့ပြီး အလောင်းကိုတော့ လမ်းမှာ ပစ်ထားခဲ့တယ်လို့လည်း ပြောပါတယ်။
 
မတ္တရာမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက မကြာခဏဆိုသလို ပြည်သူတွေကို သတ်ပစ်ပြီး သွေးသောက်တံဆိပ် ချိတ်ခဲ့ကာ ပြည်သူတွေကို အကြောက်တရားထည့်နေတာလို့ အဲဒီအဖွဲ့ ခေါင်းဆောင်က ပြောထားပါတယ်။
 
သွေးသောက်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်မှာ စစ်တပ်လိုလားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့၊ တပ်ထောက်ခံပွဲမှာ ပါဝင်သူအချို့နဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအချို့ ပူပေါင်းပြီး ဖွဲ့စည်းခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ရေးသားထားပါတယ်။
 
အဲဒီနှစ် ဧပြီလ ၂၅ ရက်နဲ့ ၂၇ ရက်တွေမှာ မန္တလေးတိုင်းက ဒီချုပ်ပါတီဝင်အချို့ အသတ်ခံရပြီး အသက်ခံရသူတွေရဲ့ ခန္ဒာကိုယ်ပေါ်မှာ သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး စာတန်းပါ တံဆိပ်တွေ ချိတ်ဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။
 
သွေးသောက်အဖွဲ့ဝင်တွေဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင့်တဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ ဒီချုပ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို သတ်ဖြတ်ပြီး အဲဒီလို သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး တံဆိပ်တွေ ချိတ်ဆွဲလေ့ရှိပါတယ်။
 
ဓာတ်ပုံ – မြနန္ဒာ စစ်ဆင်ရေး