ဇွန်၊ ၂၂
စက်သုံးဆီတင်သွင်းတဲ့ Importer ကုမ္ပဏီတွေနဲ့ စက်သုံးဆီတင်ယာဥ် ပိုင်ရှင်တွေရဲ့ ယာဥ်၊ ယာဥ်မောင်း၊ ယာဥ်အကူနဲ့ IImporter ကုမ္ပဏီ ကိုယ်စားလှယ်တွေကို မြန်မာနိူင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)က မဖြစ်မနေ အသင်းဝင်ခိုင်းကာ ငွေကြေးကောက်ခံတဲ့အပေါ် အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ရှိနေပါတယ်။
MPTA က Importer ကုမ္ပဏီတွေနဲ့ ဆီတင်ယာဥ်ပိုင်ရှင်တွေကို အသင်းဝင်ရေးကိစ္စ ဆောင်ရွက်ဖို့ဆိုပြီး ဒီလလယ်မှာ အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။
အသင်းဝင်မယ်ဆိုရင် ဆီဘောက်ဆာကား တစီးကို အသင်းဝင်ကြေး ကျပ်တသောင်း၊ နှစ်စဥ်ကြေး ငါးထောင်ကျပ်၊ ယာဥ်မောင်းအတွက် အသင်းဝင်ကြေး ကျပ်နှစ်သောင်းနဲ့ နှစ်စဥ်ကြေး ငါးထောင်ကျပ်၊ ယာဥ်အကူအတွက် အသင်းဝင်ကြေး ကျပ်တသောင်းနဲ့ နှစ်စဥ်ကြေး ငါးထောင်ကျပ်၊ Importerကုမ္ပဏီ ကိုယ်စားလှယ်တဦးကို အသင်းဝင်ကြေး သုံးသောင်းကျပ်နဲ့ နှစ်စဥ်ကြေး ငါးထောင်ကျပ် ပေးသွင်းရမယ်လို့လည်း အသိပေးထားပါတယ်။
အဲဒီလိုအသင်းဝင်ဖို့အတွက် အမည်စာရင်းနဲ့ အချက်အလက်တွေကို ဇွန်လ ၃၀ ရက် နောက်ဆုံးပေးပို့ဖို့နဲ့ အသင်းဝင် ကဒ် မရှိရင် စက်သုံးဆီထုတ်ယူဖို့ Terminal တွေထဲ ဝင်ထွက်ခွင့်ပြုမှာမဟုတ်ဘူးလို့ MPTA က ဆိုထားပါတယ်။
အခုလို Terminal တွေထဲ ဝင်ထွက်ရာမှာ စနစ်တကျဖြစ်ဖို့ ကဒ်ပြားထုတ်ပေးတာကို လက်ခံပေမယ့် အသင်းဝင်ကြေး ကောက်ယူလုပ်ဆောင်တာကတော့ မဖြစ်သင့်ဘူးလို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတချို့က ဝေဖန်ကြပါတယ်။
” ဒီဝန်ထမ်း၊ ဒီလူတွေက အမြဲလုပ်နေမှာလို့လည်း အာမခံလို့မရဘူး၊ နောက်ပြီး ငွေကြေးမကောက်ဘဲ လုပ်ပေးလို့ မရဘူးလား၊ ဒီငွေတွေက ဘယ်လို အသုံးချမှာလဲ၊ မေးစရာတွေ ဖြစ်လာတယ် ” လို့ ဆီဘောက်ဆာယာဥ်ပိုင်ရှင် တဦးက ပြောပါတယ်။
လက်ရှိနိုင်ငံတဝန်းတွင် ဆီဘောက်ဆာယာဥ် စီးရေ တထောင်ဝန်းကျင်လောက် ရှိပြီး Importer ကိုယ်စားလှယ်၊ ယာဥ်မောင်းနဲ့ ယာဥ်အကူဦးရေဟာလည်း ထောင်နဲ့ချီ ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အခုလို အသင်းဝင်ခိုင်းပြီး အသင်းဝင်ကြေး၊ နှစ်စဥ်ကြေး ကောက်ယူတာကြောင့် MPTA အနေနဲ့ ကျပ်သိန်းရာချီ ရရှိလာမှာ ဖြစ်တယ်လို့ သူတို့က တွက်ချက်ပြောပြပါတယ်။
“အတင်းအကြပ်ကြီး လုပ်ခိုင်းတာကတော့ သဘာဝမကျဘူး၊ မလုပ်ပြန်ရင်လည်း ဆီထုတ်လို့ မရဘူးဆိုတော့ ဘယ်တတ်နိုင်မလဲ ” လို့ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။
MPTA ဟာ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ခိုင်းစေတဲ့အတိုင်း လိုက်ပါကျင့်သုံးနေရတဲ့ အဖွဲ့တခု ဖြစ်တယ်လို့လည်း စက်သုံးဆီလုပ်ငန်း အသိုင်းအဝိုင်းက ဆိုပါတယ်။
အခုလို အသင်းဝင်ခိုင်တာ၊ ငွေကြေးကောက်ခံမှာ စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာ MPTA က လုပ်ငန်းရှင်တွေဆီ ပေးပို့တဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတာ မရှိပါဘူး။ အသင်း CEC အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရလို့ပဲ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – MRTV
ပုံစာ – သီလဝါဆိပ်ကမ်းအတွင်းတွေ့ရတဲ့ဆီသယ်ကားများ။