ဇွန်၊ ၂၂
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင် အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ခုနှစ်ဆယ်ကျော်လောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်လို့ ဒီနှစ်ဆန်းက မြင်းခြံထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က DNA ကိုပြောပါတယ်။
“ အရင်တုန်းက ထောင်တွင်းတိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ဖူးသူတွေကို တခုခုဆို ထောင်ပိုင်တင်ပြတတ်တဲ့သူတွေ နိုင်ငံရေးအကျဉ်းသားတွေကိုပေါ့ ထောင်ပိုင်ရုံးခန်းထဲမှာ လက်ထိပ်နောက်ပြန်ခတ်ပြီးတော့ မျက်နှာအဝတ်စည်း ရိုက်နှက်နေတာ ရှိတယ်။ အဲလူတွေအကုန်လုံးကို ထောက်ခြေချင်းခတ်ထားပြီးတော့ တိုက်ပိတ်ထားတယ်။ အဆောင်ကူးပြောင်းတာတွေလည်း မလုပ်ရဘူး။ အကုန်ပိတ်ထားတယ် “ လို့ သူကဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေက စစ်တပ်နဲ့ပေါင်းပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဇွန်လ အစောပိုင်းလောက်ကတည်းက စတင်ပြီး အခုလိုပဲ အကြောင်းမဲ့ရိုက်နှက်နှိက်စက်နေတာလို့ သိရပါတယ်။
“ အကျဉ်းသားအများစုက ရိုက်နှက်ခံရလို့ ဦးခေါင်း ပေါက်ပြဲတာတွေ ကျောကုန်းတွေမှာ အညိုအမဲစွဲနေတာတွေ ရှိသလို တချို့ ခြေကျိုး လက်ကျိုးတွေလည်း ရှိတယ် ” လို့လည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ အဲဒီနိုင်ငံရေး အကျဉ်းသား ခုနှစ်ဆယ် ကျော်လောက်ကို ထောင်ဝင်စာပို့ခွင့် ပိတ်ပင်ထားသလို အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ကျန်းမာရေးမကောင်းရင် ဆေးကုသခွင့်လည်း မပေးဘူးလို့ ကိုရှင်းသန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်ကလည်း မြင်းခြံထောင်ထဲက နိုင်ငံရေးအကျဉ်သား တချို့ကို ထောင်ပြင်ခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သလို အဲဒီလူတွေကို ၂၉ ရက်မှာ ထောင်အတွင်းပြန်ပို့ပြီး တိုက်ပိတ်တာတွေ လုပ်ခဲ့ပါသေးတယ်။
“ အကျဉ်းသားဆိုရင် ဘာအမှုနဲ့ ကျကျပေါ့လေ။ အခုလို အကြောင်းမဲ့ရိုက်နှက်တာ၊ နှိပ်စက်တာတွေက လုပ်လို့မရဘူး။ အကျဉ်းထောင်လက်စွဲလိုမျိုး ဥပဒေတွေလည်း တိတိကျကျရှိတယ်။ ဒါပေမယ့် ဒီကနေ့ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေက ရိုက်နှက်ခံနေရတုန်းပဲ၊ ဒီကိစ္စတွေကို တာဝန်ယူဖြေရှင်းမယ့်သူလည်း မရှိဘူး။ အဓိကတော့ ဒါတွေက စစ်အာဏရှင်စနစ်ဆိုးကြောင့် ဖြစ်နေတာပေါ့ “ လို့ တရားလွှတ်တော် ရှေ့နေတဦးက ဆိုပါတယ်။
လက်ရှိ မြင်းခြံထောင်မှာ အကျဉ်းသား သုံးထောင် နီးပါးလောက်ရှိပြီး အကျဉ်းထောင်ဝန်ထမ်းတွေက လူ ခုနှစ်ဆယ်ဆန့် အခန်းတခန်းထဲမှာ လူ တရာ လောက်ကို စုပြုံထည့်ထားလေ့ရှိတယ်လို့လည်း ကိုရှင်းသန့်က ဆိုပါတယ်။
“ အခန်းလွတ်တွေ ရှိပေမယ့် လူ ခုနှစ်ဆယ်လောက်ဆန့်တဲ့ အခန်းကို တရာလောက်ထည့်တာတွေ ရှိတယ်။ အစားသောက်ကလည်း စားဖြစ်ရုံလောက် ကျွေးတာပေါ့။ တရက်ကို သုံးနှပ်ကျွေးပါတယ်။ ညနေပိုင်းဆိုရင်တော့ တာလပေါ ကျွေးတာပေါ့။ တပတ်ကို ညနေပိုင်းတွေမှာ လေးရက် အသားကျွေးတယ် မနက်ပိုင်းတွေကတော့ ပဲဟင်းပေါ့ “ လို့ သူကဆိုပါတယ်။
လက်ရှိမြင်းခြံထောင်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စစ်ကိုင်းတိုင်း ဝန်ကြီးချူပ်ဟောင်း ဒေါက်တာမြင့်နိုင် အပါအဝင် မြင်းခြံမြို့ သပိတ်ဦးဆောင်ကော်မတီ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Social Media