နိုင်ငံပိုင်ဘဏ်နှစ်ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန်ဒဏ်ခတ်၊တခြားနိုင်ငံတွေကလည်း အလားတူ ပိတ်ဆို့ဖို့ သပိတ်အင်အားစုတွေတိုက်တွန်း

ဇွန် ၊ ၂၂

စစ်ကောင်စီထိန်းချုပ်မှုအောက်က နိုင်ငံပိုင် ဘဏ်နှစ်ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဇွန်လ ၂၁ရက်မှာကြေညာလိုက်ပြီး ဒီလိုပိတ်ဆို့တဲ့အပေါ် ပြည်တွင်းတော် လှန်ရေး  အင်အားစုတွေကလည်း ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) ဘဏ် တို့ကို အမေရိကန်ကပိတ်ဆို့အရေးယူဖို့ရှိကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သတင်းထွက်နေခဲ့ပြီး လက်ရှိမှာ တော့ အမေရိကန်အစိုးရက တရားဝင်ကြေညာလာတာပါ။

အခုပိတ်ဆို့အရေးယူလိုက်တဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုဟာ အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာ နအ တွက် နိုင်ငံရပ်ခြားက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေး အတွက် အခရာကျတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အဲ့ဒီဘဏ်နှစ်ခုဟာ သူတို့ရဲ့ နိုင်ငံခြားဘဏ်စာရင်းတွေကိုအသုံးပြုပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာဈေးကွက်နဲ့အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ကာ စစ်ရေးကိစ္စရပ်တွေအတွက် အာဏာ ရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြ တယ်လို့ ဆိုပါတယ်။

အခုလို အရေးပါတဲ့နိုင်ငံပိုင် ဘဏ်နှစ်ခု ပိတ်ဆို့အရေးယူခံရတာကြောင့် မြန်မာ့ စီးပွားရေး လောကမှာ စိုးရိမ်မှုတွေ ရှိနေကြပေမယ့် စစ်ကောင်စီကတော့ ဒီလိုပိတ်ဆို့မှုအပေါ်မစိုးရိမ်ကြဖို့နဲ့ အလားတူ ပိတ်ဆို့ခံရမှုတွေ အရင်က လည်း ကြုံခဲ့ဖူးပြီး နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို နှောင့်နှေးရပ်တန့်မှုမဖြစ်စေဘဲ လုပ်ဆောင်နိုင်ခဲ့ တယ်လို့ တုံ့ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုတွေကို တိုး မြှင့်ဖို့နဲ့ အကျပ်အတည်းရှည်ကြာစေဖို့အတွက်ဆောင်ရွက်ရာမှာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကတဆင့် အမြတ် ထုတ်နိုင်မှုကို ကန့်သတ်နိုင်ဖို့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ၊နိုင်ငံတကာ မဟာမိတ်တွေနဲ့အတူ ဆက်လက်ထိ တွေ့ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ်ရှစ်ဆယ်ဝန်းကျင်နဲ့ လုပ်ငန်း အဖွဲ့အစည်း သုံး ဆယ်ဝန်းကျင်ကို ပိတ်ဆို့အရေးယူမှုတွေလုပ်ထားပါတယ်။

အခုနောက်ဆုံး နိုင်ငံပိုင်ဘဏ်နှစ်ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ပိတ်ဆို့လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ပြည်တွင်း တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး(GMSR)နဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု(BMC)တို့က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေ၊တရားဝင်မှုပြုရေးတွေ ကိုဖြတ်တောက်မှသာ  လက်ရှိဖြစ်ပေါ်နေတဲ့ ဖိနှိပ်အ ကြမ်းဖက်မှုတွေ ရပ်တန့်စေမှာဖြစ်တာကြောင့် အမေရိကန်နည်းတူ ဥရောပအဖွဲ့အစည်း၊အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကပါ လုပ်ဆောင်ကြဖို့လိုတယ်လို့လည်း တိုက်တွန်းထားပါသေးတယ်။