ရှီကျင့်ဖျင်ကို အာဏာရှင်လို့ သုံးနှုန်းသွားခဲ့တဲ့ ဘိုင်ဒန်

ဇွန် ၊ ၂၂

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင် တဦးလို့ လူသိရှင်ကြား ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

 ဇွန်လ ၂၀ ရက်နေ့က ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ ရန်ပုံငွေပွဲ တစ်ခုကို တက်ရောက်ချိန်မှာ ဘိုင်ဒန်က တရုတ်ရဲ့ စပိုင်မိုးပျံပူဖောင်းကို အခုနှစ် အစောပိုင်းမှာ ပစ်ချစေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ အဲဒီတုန်းက တရုတ်ရဲ့ မိုးပျံပူဖောင်းက အမေရိကန် လေပိုင်နက်ထဲ ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့နောက် ဘိုင်ဒန်ရဲ့ အမိန့်အရ အမေရိကန် လေတပ်က ဒုံးကျည်နဲ့ ပစ်ချခဲ့တာ ဖြစ်ပါတယ်။

 ဘိုင်ဒန်က ရှီဟာ တရုတ် မိုးပျံပူဖောင်း ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရေရေရာရာ ဘာမှ ကြိုမသိခဲ့ဘဲ အရှက်ကွဲခဲ့ကြောင်း ဆိုပါတယ်။ တရုတ် သမ္မတ ရှီက အရမ်း စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ဆိုတာဟာ မိုးပျံပူဖောင်းကို ပစ်ချဖို့ ဆုံးဖြတ်လိုက်တဲ့ထိ ဒီကိစ္စနဲ့ ပတ်သက်လို့ သူဘာမှ ထဲထဲဝင်ဝင် မသိခဲ့တာကြောင့်လို့ ဘိုင်ဒန်က ပြောပါတယ်။

 အာဏာရှင်တွေ အတွက်တော့ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်း မသိတာကိုက အကြီးအကျယ် အရှက်ကွဲတာပဲလို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

 တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး ယိုယွင်း ပျက်စီးနေမှုတွေကို ဖာထေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဘေဂျင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး နောက်တနေ့မှာပဲ ဘိုင်ဒန်က ရှီကို အာဏာရှင်အဖြစ် သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။

 တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်ကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်ဟာ လွန်လွန်ကဲကဲ တာဝန်မဲ့လွန်းနေတယ်လို့ တုံ့ပြန် ဝေဖန်သွားပါတယ်။ ဒီစကားလုံးမျိုးဟာ နိုင်ငံရေးအရ ရန်စတဲ့ အဓိပ္ပါယ်တွေ ဖြစ်နေပြီး သံတမန်ရေးရာ စံနှုန်းတွေနဲ့လည်း မညီဘူးလို့ သူက ဆက်ပြောပါတယ်။

 ဘလင်ကန်ရဲ့ ခရီးစဉ်အပြီး တရုတ်သမ္မတ ရှီက နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ အလားအလာကောင်းတွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘလင်ကန်ကတော့ တရုတ်နဲ့ အမေရိကန်တို့ကြား ပုံမှန် ထိတွေ့ဆက်ဆံမှုမျိုး ပြန်လည် ဖြစ်ပေါ်လာဖို့ဆိုရင် စေ့စပ်ညှိနှိုင်းရမယ့် အဆင့်တွေ အများကြီး ကျန်နေဦးမယ်လို့ သုံးသပ်ပြောဆိုသွားပါတယ်။