ချဲလ်ဆီး တိုက်စစ်မှူး ဟာဗက်ဇ်ကို ခေါ်ယူဖို့ အာဆင်နယ် သဘောတူညီမှု ရရှိ

ဇွန် ၊ ၂၂

အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

 အသက် ၂၄ နှစ်အရွယ် စွယ်စုံရ ဂျာမနီ လက်ရွေးစင် တိုက်စစ်သမားအတွက် လန်ဒန်မြို့ အခြေစိုက် ကလပ်အသင်း နှစ်ခုကြား ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၅ သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရသွားပြီလို့ ယုံကြည်ရကြောင်း ဗြိတိန် မီဒီယာတွေက အကျယ်တဝင့် ဖော်ပြနေကြပါတယ်။

 အခုအခါမှာတော့ ဟာဗက်ဇ်နဲ့ အာဆင်နယ်တို့ကြား ပုဂ္ဂိုလ်ရေး ညှိနှိုင်းမှုတွေနဲ့ ဆေးစစ်မှု အဆင့်တွေသာ လုပ်ဆောင်ဖို့ ကျန်တော့တယ်လို့ ဆိုပါတယ်။ ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ယိမ်းယိုင်ခဲ့တဲ့ ချဲလ်ဆီး အသင်းနဲ့အတူ ရုန်းကန်ခဲ့ရပြီး ၄၇ ပွဲ ကစားရာမှာ ၉ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

 သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဂျာမန်ကလပ် ဘေယာ လေဗာကူဆန်ကနေ စတာလင်ပေါင် ၇၁ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာပါ။ သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝဟာ ပရိသတ်တွေ မျှော်လင့်ထားသလောက် မြင့်မြင့် မပျံနိုင်ခဲ့တဲ့တိုင် အမှတ်ရစရာ အကောင်းဆုံး သမိုင်းမှတ်တိုင် တခုအဖြစ် ၂၀၂၁ ခုနှစ် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးဖက်ကို တလုံးတည်းသော အနိုင်ဂိုး သွင်းယူပြီး ချဲလ်ဆီးကို ချန်ပီယံ ဖြစ်စေခဲ့ဖူးပါတယ်။

 အာဆင်နယ်ဟာ လက်ရှိ အပြောင်းအရွှေ့ စျေးကွက်မှာ ရည်မှန်းချက် ကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေပြီး ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကိုလည်း အပူတပြင်း ချိတ်ဆက်နေပါတယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်အတွက် အာဆင်နယ်က စတာလင်ပေါင် သန်း ၉၀ ထိ များပြားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ဒုတိယအကြိမ် ချဉ်းကပ်ထားပေမယ့် ဝက်စ်ဟမ်းက ပယ်ချထားပါတယ်။