ဇွန် ၊ ၂၁
လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တာကြောင့် အလုပ်က ထုတ်ခံလိုက်ရသလို စစ်ကောင်စီကလည်း ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တပတ်ကြာချိန်အထိ ပြန် လွတ်မလာသေးဘူးလို့ အဲ့ဒီစက်ရုံအလုပ်သမားတွေဆီကသိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အဲ့ဒီအလုပ်သမားတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး(EU)ရုံးကလည်း မနေ့က ထုတ်ပြန်တိုက်တွန်းထားပေမယ့် ဒီကနေ့အထိတော့ ဖမ်းဆီးခံရ သူတွေရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိရတာမရှိသေးဘူးလို့ အလုပ်သမားတွေကပြောပါတယ်။
ဒါ့အပြင် ဟိုစိမ့် စက်ရုံတာဝန်ရှိသူတွေဟာ သူတို့အလိုကျ စက်ရုံတွင်း အလုပ်သမားသမဂ္ဂ အဖွဲ့တခု ထပ်မံ ဖွဲ့စည်းဖို့ပြင်ဆင်နေတယ်လို့လည်း အဲ့ဒီစက်ရုံ အလုပ်သမားတဦးက DNAကိုပြောပါတယ်။
“သမဂ္ဂအသစ်ပြန်ဖွဲ့ဖို့ပြောတယ်၊မနက်ဖြန်မဲရွေးမယ်တဲ့၊ဝန်ထမ်းတွေကသူသူစံ(ဖမ်းဆီးခံရသူ) တို့လိုဖြစ်မှာစိုး လို့ ဘယ်သူမှမလုပ်ဘူး၊သူတို့ပြောသမျှခေါင်းညှိမ့်မယ့်သူရွေးမှာပေါ့၊မနက်ဖြန်ထမင်းစားချိန်မဲခွဲမယ်ပြောတယ်မန်နေဂျာက”လို့အလုပ်သမားခေါင်းဆောင်တဦးကပြောပါတယ်။
ရွှေပြည်သာမြို့နယ်အတွင်းက တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တရက် လုပ်ခလစာကို ၅၆၀၀ကျပ်ပေးဖို့ ပြီးခဲ့တဲ့ မေလအတွင်းက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီတောင်းဆိုမှုကို စက်ရုံဘက်က သဘောတူလိုက်ပေမယ့် တောင်းဆိုမှုကို ဦးဆောင်ခဲ့တယ်ဆိုတဲ့ စက်ရုံ သမဂ္ဂ အဖွဲ့ အလုပ်သမားခုနစ်ဦးကိုတော့ ဆူပူအောင်သွေးဖိုးလှု့ဆော်တယ်ဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။
အဲဒီလိုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့စက်ရုံအလုပ်သမားတွေကမကျေနပ်လို့ ဇွန် ၁၂ရက်က လုပ်ငန်းခွင် မဝင်ဘဲသပိတ်မှောက်ခဲ့ကြရာမှာ စစ်ကောင်စီတပ်သားတွေရောက်လာပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ခြိမ်းခြောက် ဖိအားပေး ခဲ့ကြတယ်လို့သိရပါတယ်။
အဲဒီနောက် ဌာနဆိုင်ရာကတာဝန်ရှိသူတွေပါရောက်ရှိလာပြီး အလုပ်ထုတ်ခံရသူတွေနဲ့ပတ်သက်လို့ ညှိနှိုင်း ပေး မယ်လို့ဆိုကာ အလုပ်သမားရုံးကို ချိန်းဆိုခဲ့ပြီး ချိန်းဆိုထားတဲ့နေ့မှာတော့အလုပ်ထုတ်ပယ်ခံထားရသူတွေကို ဖမ်း ဆီးသွားခဲ့တာပါ။
လက်ရှိမှာ အလုပ်ထုတ်ခံရသူ ခုနစ်ဦးထဲက စုစုပေါင်းခြောက်ဦးအထိ ဖမ်းဆီးခံထားရသလို နောက်ထပ်တဦးက လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စက်ရုံအလုပ်သမားတွေကပြောပါတယ်။
လက်ရှိအဲဒီစက်ရုံမှာ လုပ်ငန်းခွင်ပြဿနာကို စစ်တပ်ခေါ်ပြီးဖြေရှင်းတာကို လက်မခံလိုတာကြောင့် အလုပ် ထွက်သူတွေများလာနေတယ်လို့လည်း စက်ရုံလုပ်သားတွေကဆိုပါတယ်။
အခုလို အလုပ်သမားအခွင့်အရေးအတွက်တောင်းဆိုသူတွေ၊သမဂ္ဂဝင်လုပ်သားတွေကိုဖမ်းဆီး၊ဖိနှိပ်တာဟာ ILOပြဌာန်းချက် (၈၇)ဖြစ်တဲ့လွတ်လပ်စွာအသင်းပင်း ဖွဲ့စည်းခွင့် ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို သက် သေပြုရာရောက်နေတယ်လို့အလုပ်သမားအရေးလူပ်ရှားသူတွေကထောက်ပြကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ အလုပ်သမားတွေအခွင့်အရေးချိုးဖောက်ခံရတာ ဖိနှိပ်ခံရ တာတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေမြင့်တက်နေသလို အပြည်ပြည်ဆိုင်ရာ အလပ်သမားအဖွဲ့ (ILO)ကလည်း အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းပြီး စုံစမ်းမှုတွေလုပ်နေပါတယ်။