အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ကွယ်လွန်

ဇွန်၊ ၂၁
 
မန္တလေးမြို့က အမျိုးသားစာပေဆုရှင် စာရေးဆရာ ညီပုလေး ဟာ ဒီကနေ့မနက်ပိုင်းမှာ နှလုံးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားတယ်လို့ မန္တလေးစာပေအသိုင်းအဝိုင်းထံက သိရပါတယ်။
 
ဆရာညီပုလေးဟာ မန္တလေးမြို့ ၈၄ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက သူ့ရဲ့နေအိမ်မှာပဲ ဒီကနေ့မနက် ၁၀ နာရီလောက်က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီလို့ သိရပါတယ်။
 
“ တခြားနေရာမှာ နေတာ သူက၊ နေမကောင်းလို့ ဆေးထိုးဖို့ အိမ်ပြန်လာရင်း ဆုံးတာပေါ့၊ မနက်ဖြန်မှာ သင်္ဂြိုလ်မှာပေါ့၊ စာပေလောကအတွက်ကတော့ ပြောမပြနိုင်လောက်တဲ့ ဆုံးရှုံးမှုပေါ့ဗျ “ လို့ မန္တလေးမြို့က စာရေးဆရာတဦးက ပြောပါတယ်။
 
ဆရာညီပုလေး ဟာ သတင်းစာဆရာ၊ သတင်းစာ ဆရာမကြီးတွေ ဖြစ်တဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့သားသမီးငါးဦးအနက် အငယ်ဆုံးသား ဖြစ်တာကြောင့် ညီပုလေးဆိုတဲ့ ကလောင် နာမည်ကို ခံယူခဲ့တယ်လို့ သိရပါတယ်။
 
အမည်ရင်းကတော့ ဦးငြိမ်းချမ်း (ခ) ဘိုညို ဖြစ်ပါတယ်။ ဆရာဟာ အသက် သုံးဆယ်ကျော်အရွယ် ၁၉၈၅ ခုနှစ်က စံပယ်ဖြူ မဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့ လျက်ဆားတတို့ ဝတ္ထုတိုနဲ့ စာပေခရီးကို စတင်ခဲ့ပြီး နောက်ပိုင်းမှာ မဂ္ဂဇင်းဝတ္ထုတွေ ဆက်တိုက်ရေးသားခဲ့ပါတယ်။
 
အဲ့ဒီနောက် လေးနှစ်အကြာ ၁၉၈၉ ခုနှစ်မှာ သူ့ရဲ့ပထမဆုံး လုံးချင်းဝတ္ထု စာအုပ်ဖြစ်တဲ့ “ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။
 
ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ စတဲ့ အနုပညာဖန်တီးမှုတွေကိုလည်း ဝါသနာထုံခဲ့တဲ့ ဆရာညီပုလေးဟာ တကြောင်းဆွဲ ကလေးပန်းချီစာအုပ် ဖန်တီးထုတ်ဝေခဲ့ဖူးသလို ကိုယ်တိုင်ရိုက် ဓာတ်ပုံပြပွဲတွေလည်း ပြုလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
 
ပုဂ္ဂလိကနဲ့ စာပေအသင်းအဖွဲ့ တချို့က ပေးတဲ့ စာပေဆုတွေ ရရှိခဲ့ဖူးတဲ့ ဆရာညီပုလေး ဟာ အမျိုးသားစာပေဆု ကိုတော့ “ ထက်မြက်သော ဓားသွားပေါ်က ချိုမြမြ ပျားရည်စက် ” စာအုပ်နဲ့ ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့ပါတယ်။
 
ဆရာညီပုလေးနဲ့ ရင်းနှီး နီးစပ်တဲ့ စာပေအသိုင်း အဝိုင်းကတော့ သူဟာ ငြိမ်းချမ်းရေးစာပေ၊ ကဗျာတွေကိုလည်း နှစ်သက်တတ်သူတဦး ဖြစ်ပြီး အခုလို ကွယ်လွန်သွားတာဟာ စာပေလောကအတွက်လည်း ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ဝမ်းနည်းစကား ဆိုကြပါတယ်။
 
ဓာတ်ပုံ – Social Media