ဆော်ဒီကလပ် အစ်တီဟတ်ဆီ ပြောင်းရွှေ့သွားတဲ့ ကန်တေး

ဇွန်၊ ၂၁

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေးဟာ ဆော်ဒီအာရေးဘီးယား စူပါလိဂ် ပြိုင်ပွဲဝင် အယ်လ် အစ်တီဟတ် အသင်းဆီ ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ပြင်သစ် ကစားသမားဟာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့နောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပြီး အသင်းသစ် ရှာဖွေခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး ကွင်းလယ်ကစားသမား တဦး ဖြစ်ခဲ့ဖူးပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ချဲလ်ဆီးအတွက် ပြိုင်ပွဲပေါင်းစုံမှာ စုစုပေါင်း ၉ ပွဲသာ ပါဝင် ကစားနိုင်ခဲ့ပါတယ်။

သူဟာ အစ်တီဟတ် အသင်းမှာ တနိုင်ငံတည်းသား ကြယ်ပွင့် ကစားသမား ကာရင် ဘန်ဇီးမားနဲ့လည်း ပေါင်းဆုံခွင့် ရလာမှာပါ။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ဘန်ဇီးမားဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာခဲ့တဲ့နောက် အစ်တီဟတ်နဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုထားပါတယ်။

ကန်တေးဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ လက်စတာစီးတီး ဘောလုံးအသင်းကို အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဖလား ဆွတ်ခူးနိုင်အောင် အံ့ဩစရာ ကူညီ စွမ်းဆောင်ပေးခဲ့တဲ့နောက် ချဲလ်ဆီးကို ကူးပြောင်းခဲ့ပါတယ်။ သူဟာ ချဲလ်ဆီး ကစားသမား ဘဝမှာ ဥရောပ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေ ရှုံးထွက်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တဦးချင်း အောင်မြင်မှု အနေနဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ဘောလုံး ဆောင်းပါးရှင်များ အဖွဲ့ချုပ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ပရော်ဖက်ရှင်နယ် ကစားသမားတွေ ရွေးချယ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

 သူဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြင်သစ် အသင်းမှာလည်း အဓိက မဏ္ဍိုင် ကစားသမား တဦးအဖြစ် ပါဝင် ခြေစွမ်းပြခဲ့ပါတယ်။ အခုတော့ ၂၆၉ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းခဲ့တဲ့ သူ့ရဲ့ ချဲလ်ဆီး ကစားသမား ဘဝကို ပြည်ဖုံးကားချပြီး အရှေ့အလယ်ပိုင်းမှာ စွန့်စားမှု အသစ်တွေကို ရှာဖွေဖို့ ကန်တီက ဆုံးဖြတ်လိုက်တာပါ။

သူဟာ စတာလင်ပေါင် ၈၆ သန်း တန်ကြေးရှိတဲ့ ၃ နှစ်သက်တမ်း စာချုပ်ကို အစ်တီဟတ် အသင်းနဲ့ သဘောတူ လက်မှတ်ရေးထိုးပြီးပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။

 

Ref: BBC