မန္တလေးမြို့၊ ကံကြီးကုန်းရွာက နေအိမ်ငါးဆယ်နီးပါးကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီး

ဇွန်၊ ၂၀

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကံကြီးကုန်း ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က  ကျူးကျော်ဟုဆိုကာဇွန်လ ၂၀ ရက်၊  ဒီကနေ့ မနက်ပိုင်းက ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ မနက်ပိုင်း ၄၉ လမ်းပေါ်ကို ဘူဒိုဇာကားတွေရောက်လာမှာပဲ လာဖျက်တယ်ဆိုတာ သိရတာပေါ့။ ဘာမှာကြိုတင်အသိပေးတာမရှိဘူး။ တချို့အိမ်လေးတွေကျတော့ တံခါးပိတ်ထားခဲ့တာလေ။ လူတွေက အပြင်ကို အလုပ်သွားနေကြတာဆိုတော့ ဘာမှသယ်ချိန်မရလိုက်ဘူး။ အဝတ်အစားထည့်တဲ့ သေတ္တာကအစ ရေအိုးအကုန်ဖျက်ဆီးကုန်တာပဲ “ လို့ ဒေသခံ တဦးကပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်း နဲ့ လမ်း ၅၀ ကြား ၁၂၂ လမ်းတောင်ဖက်ရှိ ကံကြီး ကုန်းကျေးရွာကနေအိမ် ၅၀ နီးပါးလောက်ကို ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်၊ ထွေအုပ်၊ ရဲနဲ့ စစ်တပ်ပေါင်းပြီး ဘူဒိုဇာနှစ်စီးနဲ့လာဖျက်သွားတာပါ။

စစ်ကောင်စီအဖွဲ့ဧာ နေအိမ်တွေမဖျက်ခင်  မနက်ပိုင်းမှာ အိမ်ဖျက်မယ့်အကြောင်းအသံချဲ့စက်နဲ့လိုက်အော်သတိပေးပြီးနောက် ချက်ချင်းဆိုသလို ဘူဒိုဇာနှစ်စီးနဲ့ တပြိုင်နက်တည်း ဝင်ဖျက်ခဲ့တာလို ဒေသခံတွေကဆိုကြပါတယ်။

“ တနေကုန်ဖျက်တာပဲဗျ။ တချို့အိမ်တွေကျတော့ မီတာတွေပါတယ်လေ ။အဲဒါ့တွေပါတခါတည်းဖြုတ်သွားတယ်။ နေစရာမရှိတဲ့သူကျတော့လည်း ဖျက်ထားတဲ့အိမ်နားတင် မိုးကာလေးတွေ ပြန်နေမယ်သဘောတော့ရှိတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။

စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့တဲ့နေရာတွေမှာ ဒေသခံတွေက အဆင့်ဆင့်ရောင်းချတဲ့ပုံစံမျိုးနဲ့ဝယ်ယူနေထိုင်ကြတဲ့သူတွေပါဝင်သလို တချို့ကလည်း ရွာတိုးချဲ့မြေဆိုပြီး ဝယ်ယူနေထိုင်ကြတဲ့သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

“ လမ်းမကနေ ပေ တရာ(အတွင်း)အကုန်ဖျက်မယ်ပဲပြောတာပေါ့။ ဒီနေရာတွေဖျက်မယ်ဆိုတဲ့အထဲပါတယ်ဆိုတာကတော့သိကြတယ်။ ဒါပေမယ့်ဘယ်ကနေ ဘယ်အထိဖျက်မယ်ဆိုတာဘယ်သူမှာ တိတိကျကျမသိဘူး။ တကယ်ဆို ဘယ်နေ့ ဘယ်နေရာတွေဖျက်မယ်ဖယ်ထားဖို့ပြောရင် အိမ်တွေတော့ မပျက်တော့ဘူးပေါ့။ ကိုယ်ဘာသာဖျက်ရင်ပြန်သုံးရတယ်လေအခုတော့ ဘာမှာသုံးမရတော့ဘူး “ လို့ ဒေသခံတဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီနဲ့ ရဲတွေက ပေါင်းပြီး ဇီးအုပ်ကွက်သစ်၊ အပိုင်း(၆)၊ (၄၈)လမ်း နဲ့  ၄၉ လမ်းကြား( ၁၃၁)လမ်းနှင့် (၁၃၂)လမ်းကြားရှိ နေအိမ်အမြောက်အများကိုဖျက်ဆီးခဲ့ပါသေးတယ်။

ကျူးကျော်ဟုဆိုကာ ဖျက်ထားတဲ့အဲဒီနားကမြေတွေကို လက်ရှိမှာ စည်ပင်သာယာရေး ကော်မတီ ဂရန်မြေပြန်လည်လျှောက်ထားဖို့နဲ့ မူလဂရန်ရှိသူတွေကိုလည်း သက်တမ်းတိုးလုပ်ကြဖို့ အသိပေးထားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

မန္တလေးမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျူးကျော်ရှင်းလင်းရေးအဖွဲ့ဖွဲ့ပြီး မြို့နယ်တိုင်လိုလိုမှာရထားသံလမ်း၊ ဓာတ်တိုင်၊ တာဝါတိုင်နဲ့ နီးကပ်တဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီးရှင်းလင်းနေတာပါ။

 ဒါပေမယ့်စစ်ကောင်စီဘက်က အဲဒီလို ကျူးကျော်ဆိုပြီးရှင်းလင်းခဲ့ပေမယ့်  စစ်တပ်နဲ့ နီးစပ်သူတွေက ခြံစည်းရိုးတွေ အခိုင်အမာ ပြန်ကာ နေကြတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။