လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူကို ချဲလ်ဆီး စာချုပ်ခေါ်ယူ

ဇွန် ၂၀

ချဲလ်ဆီး အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 အသက် ၂၅ နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ လအနည်းငယ် ကတည်းက သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး အခုတော့ စတာလင်ပေါင် ၅၂ သန်းတန် အပြောင်းအရွှေ့က တရားဝင် ဖြစ်မြောက်လာခဲ့တာပါ။

 သူဟာ ချဲလ်ဆီးမှာ မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနို လက်ထက် ပထမဆုံး အားဖြည့်ခေါ်ယူမှုလည်း ဖြစ်လာပါတယ်။ အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ရာသီက ဂျာမန် ဘွန်းဒစ်လီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ၂၅ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

 သူဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာတော့ ဂိုး ၂၀ သွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ခဲ့တဲ့နောက် ဘွန်းဒစ်လီဂါရဲ့ တရာသီ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အန်ကွန်ကူဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ ၄ ရာသီကြာ ဖြတ်သန်းခဲ့တဲ့နောက် လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့လာပြီး သိသိသာသာ တိုးတက်လာခဲ့တာပါ။

 သူဟာ ပြင်သစ် လက်ရွေးစင် အသင်းအတွက် ၁၀ ကြိမ် ကိုယ်စားပြုထားနိုင်ပေမယ့် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိုတော့ အချိန်ကပ်ပြီး ရသွားတဲ့ ခြေထောက်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

 သူ့အနေနဲ့ ချဲလ်ဆီးအတွက် ကစားခွင့် ရလာတော့မှာကို အရမ်း ပျော်နေမိကြောင်း၊ အသင်းက သူ့ကို ရရှိဖို့ အများကြီး အားစိုက် ကြိုးစားခဲ့ရမှန်း သဘောပေါက်ကြောင်း၊ ချဲလ်ဆီး ဂျာစီကို ကိုယ်စားပြု ဝတ်ဆင်ရင်း ဖြတ်သန်းရမယ့် စိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားနေမိကြောင်း အန်ကွန်ကူက ဆိုပါတယ်။

 ပြင်သစ် လီဂူးဝမ်းနဲ့ ဂျာမန် ဘွန်းဒစ်လီဂါ ပြိုင်ပွဲတွေမှာ ဖြတ်သန်းခဲ့တဲ့နောက် ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ သူ့အနေနဲ့ ခြေစွမ်းပြ ကစားသွားချင်ကြောင်းလည်း အန်ကွန်ကူက ပြောကြားသွားပါတယ်။

 သူဟာ ဇူလိုင် ၁ ရက်မှာ ချဲလ်ဆီးရဲ့ တရားဝင် ကစားသမား ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်စရာ အခြေအနေတွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့နောက် လန်ဒန် အခြေစိုက် ဘောလုံးကလပ်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို ထဲထဲဝင်ဝင် အကောင်အထည်ဖော်ပြီး ရာသီသစ်အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။