တောင်ဒဂုံမှာ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ပေါင်းပြီး မြေကွက်တွေ အကွက်ရိုက်ရောင်း

ဇွန် ၂၀

ရန်ကုန်မြို့ ၊ဒဂုံတောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ မြေကွက်တွေကို အကွက်ရိုက်ပြန်လည်းရောင်းချနေတာကြောင့် မြေပိုင်ရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်နေတယ်လို့ မြေပိုင်ရှင်တဦးက DNAကိုပြောပါတယ်။

“ကျွန်တော်တို့မှာ ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံလည်းရှိတယ်။ဒါဟာ ကျွန်တော်တို့အပိုင်ပါဆိုတာကိုလည်း ပြောပြီးပြီ။ဒါကို ရပ်ကွက်အုပ်ချုပ်ပိုင်းက စစ်ကြောင်းမှူးနဲ့ပေါင်းပြီး ကျွန်တော်တို့အကွက်တွေကို ပြန်ရောင်းနေတာ”လို့ မြေဧက သုံးဆယ်ပိုင်ဆိုင်ထားတဲ့ မြေပိုင်ရှင်တဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ တာဝန်ကျစစ်ကြောင်းမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒေသခံပြည်သူပိုင်မြေကွက်တွေကို မြေပိုင်ဆိုင်မှုမိတ္တူတွေနဲ့ရောင်းချနေပြီး ပေ၂၀၊ပေ၄၀ မြေတကွက်ကို ငွေကျပ်သိန်း တရာခန့်နဲ့ရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့ဆို ကျွန်တော်တို့ မြေကွက်တွေမှာ အခိုင်အမာကို ဆောက်နေကြတာ။ကျွန်တော်တို့လည်း အမျိုးမျိုးတားတာပဲ။အဲ့လိုသွားတားရင် အုပ်ချုပ်ရေးမှူးတွေက ခင်ဗျားတို့ကိုဖမ်းခိုင်းလိုက်ရမလား။ဒါက ခင်များတို့ပိုင်တာမဟုတ်တော့ဘူး။အစိုးရပြောင်းသွားပြီ။မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်လို့ကို ပြောတာ”လို့ မြေကွက် ငါးဆယ်နီးပါပိုင်ဆိုင်ပြီး ဝင်ရောက်ကျူးကျော်ခံထားရတဲ့ မြေပိုင်ရှင်တဦးကလည်း ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့တာဝန် စစ်ကြောင်းမှူးနဲ့အုပ်ချုပ်ရေးမှူးတွေရဲ့ မြေကွက်တွေအကွက်ရိုက်ရောင်းချမှုဟာ မြေကွက်ပိုင်ရှင် အနည်းဆုံးခုနှစ်ဦးရဲ့မြေကွက်ပေါင်း ငါးဆယ်နီးပါးအထိဖြစ်လာတယ်လို့ဆိုပါတယ်။

မြေကွက်ပိုင်ရှင်တဦးဟာ ဧကပေါင်းသုံးဆယ်ခန့်ကနေ ငါးဆယ်အထိပိုင်ဆိုင်ကြတယ်လို့လည်း မြေကွက်ပိုင်ရှင်တွေကပြောကြပါတယ်။

သူတို့ရောင်းချတဲ့မြေကွက်တွေဟာ ပလပ်မြေတွေဖြစ်တဲ့အတွက် စစ်ကောင်စီဆီမှာ ဂရမ်ထုတ်ရောင်းချနေတာလို့လည်း အဲ့ဒိရပ်ကွက်ချုပ်ရေးမှူးတွေကပြောတယ်လို့လည်းဆိုပါတယ်။

အခုလို စစ်ကြောင်းမှူးနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့​ဒေသခံပြည်သူပိုင်မြေကွက်တွေကိုရောင်းချနေတာဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုများပြားလာနေတာပါ။

တချို့မြေကွက်တွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ကျူးကျော်ဝင်ရောက်ပြီး ခြံခတ်တာတွေကိုပါလုပ်ဆောင်နေတယ်လို့လည်း မြေပိုင်ရှင်တွေက ပြောပါတယ်။

အဲဒီလိုစစ်ကောင်စီတပ်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီးသူတို့မြေကွက်တွေကို အကွကိချပြီးပြန်ရောင်းတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုတိုင်ကြားပေမယ့်အကြောင်းမထူးဘူးလို့လည်းမြေကွကိပိုင်ရှင်တွေကပြောကြပါတယ်။

“အခုအချိန်က သူတို့ခေတ်ဖြစ်နေတော့ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။တရားစွဲဖို့ပဲလုပ်ရတော့မှာ”လို့ မြေဧက သုံးဆယ်ပိုင်ဆိုင်ထားတဲ့ မြေပိုင်ရှင်တဦးကဆိုပါတယ်။