စစ်တပ်တပ်စွဲထားတာကြောင့် သရက်ချောင်းက စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး

ဇွန်၊ ၂၀
 
စစ်ကောင်စီတပ်သားတွေ ဆက်ရှိနေသေးတာကြောင့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၈ ရွာက စစ်ဘေးရှောင်တွေဟာ ဒီကနေ့ ဇွန်လ ၂၀ ရက်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဖမ်းဆီးပစ်ခတ်မှုတွေကြောင့် ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ရငဲ၊ ဝဲရစ်၊ မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံ တသောင်းကျော် တိမ်းရှောင်နေကြရတာပါ။
 
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်-မြိတ် ကားလမ်းမပေါ်က ရငဲကျေးရွာရှိ မြွေတောင်ပေါ်က ဘုရားဝင်းထဲမှာ တပ်စွဲထားပြီး လက်နက်ကြီးတွေပါ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
” ရွာထဲ ခဏပြန်တဲ့သူ ၃ ယောက်လောက်ကို ဖမ်းပြီး အဲတောင်ပေါ်ကို သဲအိတ်တွေ သယ်ခိုင်းသေးတယ်၊ သူတို့အဲ့မှာ စခန်းဆောက်နေကြတာ။ ကားလမ်းတလျှောက်မှာလည်း သူတို့ရှိနေကြတယ်၊ ခရီးသည်ကားတွေက ပုံမှန်ပဲ သွားလာနေကြတော့ သူတို့ မြင်ခဲ့တယ်ပြောတယ်။ သူတို့ရှိနေသေးတော့ ဘယ်သူမှ မပြန်ရဲကြဘူး ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ရငဲရွာက အဲဒီဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီလောက်ကလည်း ရွာအရှေ့ဘက်ခြမ်းကို လက်နက်ကြီး ခြောက်ချက် ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
သရက်ချောင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း တိုက်ပွဲဆက်ဖြစ်နိုင်တာမို့ ဒေသခံတွေ နေရပ်ပြန်လာဖို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။
 
” သူတို့ အဲမှာရှိနေသေးတော့ တိုက်ပွဲက အချိန်မရွေးဖြစ်ဖို့ရှိတယ်၊ လောလောဆယ်တော့ ရွာခံတွေ ပြန်လာကြဖို့ အဆင်မပြေသေးဘူး၊ ဆက်ပြိီး ရှောင်နေတာပဲ အဆင်ပြေလိမ့်မယ် ” လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲ က DNA ကို ပြောပါတယ်။
 
လက်ရှိမှာတော့ ဒေသခံတွေဟာ အနီးအနားတဝိုက်က ဘေးလွတ်ရာရွာတွေမှာ တိမ်းရှောင်နေကြပြီး တချို့ကလည်း ထားဝယ်မြို့ပေါ်မှာ သွားရောက်ခိုလှုံနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကနက်သီရိ ရွာခံတဦးက ပြောပါတယ်။
 
” နေတာကတော့ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ လိုက်နေကြတာ၊ ဟိုတစု ဒီတစုပဲ။ ရိက္ခာကိုတော့ တနေ့တာအတွက်ပဲ ကူညီပေးနေတယ်၊ ကျနော်တို့ နေတိုင်းလိုက်ပေးတာ။ စစ်တပ်ပြန်ထွက်သွားရင် ရွာပြန်ကြမှာဆိုတော့ အများကြီးပေးလိုက်ရင် အလေအလွင့်ဖြစ်မှာစိုးလို့ အဲလိုပဲပေးနေတယ်၊ ကျနော်တို့မှာလည်း အများကြီးမရှိဘူး ” လို့ သူက ပြောပါတယ်။
 
ဇွန်လ ၈ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်လာခဲ့တဲ့ အဲဒီစစ်ကောင်စီတပ်သား ၁၅၀ ကျော်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
 
စစ်ကြောင်းထိုးနေတဲ့ ကာလတလျှောက်မှာလည်း စစ်ကောင်စီတပ်သားတွေဟာ ရငဲရွာနဲ့ ကနက်သီရိရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့ကတော့ နေအိမ်မှာ ဆေးလာယူတဲ့ ရငဲရွာခံ လူငယ်တဦးကို ပစ်သတ်ခဲ့ပါတယ်။
 
” မီးရှို့တာကတော့ အနည်းဆုံး ၁၀ အိမ်ရှိတယ်၊ ရွာထဲဝင်မရသေးတော့ အတိအကျတော့ မပြောနိုင်သေးဘူး။ အိမ်တွေထဲလည်း ဝင်ရှာပြီး ပစ္စည်းတွေ ယူသွားတာလည်း မနည်းဘူး၊ စျေးဆိုင်တွေက ပစ္စည်းတွေ ယူပြီးလည်း စားသွားတယ်၊ သူတို့ စားမကုန်လို့ လွှင့်ပစ်ခဲ့တာတွေတောင် တော်တော်များတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဇွန်လ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၂ ဦး ခါးနဲ့ ခြောက်ထောက်မှာ ဒဏ်ရာရခဲ့ပြီး အသက် ၈၀ ကျော် အမျိုးသားတဦးလည်း စစ်ကောင်စီတပ်သားတွေ ထိုးကြိတ်ခဲ့တာကြောင့် မျက်လုံးမဖွင့်နိုင်တော့တဲ့အထိ ဖူးယောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။
 
လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ လေးသောင်းကျော်အထိ ရှိနေပြီး မိုးရာသီအတွင်းမှာတော့ ရိက္ခာနဲ့ ဆေးဝါး စုဆောင်းဖို့ အခက်အခဲရှိတယ်လိုလည်း စစ်ရှောင်ကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ရှောင်ဖို့ ထွက်ပြေးခဲ့ကြတဲ့ သရက်ချောင်းဒေသခံတွေ။