ပေါ်တူဂီအတွက် ကစားပေးဖို့ ဘယ်တော့မှ လက်မလျှော့ဘူးလို့ ရော်နယ်လ်ဒို ကြွေးကြော်

ဇွန်၊ ၂၀

ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ကစားပေးချင်စိတ်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောပါတယ်။

သူ့အသက်ဟာ ထိပ်တန်း ဘောလုံးသမား တဦးအတွက် အကောင်းဆုံး အချိန်အပိုင်းအခြားထက် ကျော်လွန်ပြီး အသက် ၃၈ နှစ် ရှိနေပြီ ဖြစ်သလို ဥရောပ ကလပ်အသင်း ဘောလုံးလောကမှာလည်း ဆက်လက် ကျင်လည်နေတာမျိုး မဟုတ်တော့ပါဘူး။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်နက်ဆာ အသင်းဆီ ကူးပြောင်းသွားခဲ့ပါတယ်။

ဒီလို အခြေအနေတွေ ရှိနေပေမယ့် သူဟာ ပေါ်တူဂီအတွက် အစွမ်းကုန် ကြိုးစားကစားပြီး ကိုယ်စားပြုပေးဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်တယ်လို့ ရော်နယ်လ်ဒိုက ဆိုပါတယ်။ ရော်နယ်လ်ဒိုဟာ မတ်လတုန်းက လက်ချ်တင်စတိန်းနဲ့ ပွဲစဉ်မှာ ပါဝင် ကစားခဲ့တဲ့နောက် လက်ရွေးစင် ကိုယ်စားပြု ပွဲအများဆုံး ကစားတဲ့ စံချိန်ရော၊ သွင်းဂိုး အများဆုံး စံချိန်ကိုပါ ရရှိထားပါတယ်။ သူဟာ ပေါ်တူဂီအတွက် အခုဆိုရင် ၁၉၉ ပွဲ ကစားပြီး ၁၂၂ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 

အခုအခါ ပေါ်တူဂီအတွက် ပွဲ ၂၀၀ ပြည့် ကစားဖို့ တက်ကြွနေတဲ့ ရော်နယ်လ်ဒိုက အသင်းဆီ ပြန်လာပြီး ကိုယ်စားပြုပေးဖို့ သူဘယ်တော့မှ လက်လျှော့မှာ မဟုတ်ကြောင်း၊ ပေါ်တူဂီအတွက် ကစားပေးဖို့ ဆိုတာက သူ့အတွက် အမြဲတမ်း အိပ်မက်တခုဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရွေးစင် ကိုယ်စားပြု ပွဲပေါင်း ၂၀၀ ပြည့်မြောက်တယ် ဆိုတာက လူတိုင်းအတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် ကိစ္စမျိုးတော့ မဟုတ်ကြောင်း၊ တဖက်မှာလည်း ဒီမှတ်တိုင်မျိုးဟာ အသင်းနဲ့ နိုင်ငံအပေါ် သူဘယ်လောက် ချစ်မြတ်နိုးတယ် ဆိုတာကို ထင်ဟပ်ပြဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

သူက ထူးကဲတဲ့ စံချိန်တွေ ပိုင်ဆိုင်နေတယ် ဆိုပေမယ့် အဲဒီ စံချိန်တွေကို ရလိုစိတ်နဲ့ ဘောလုံးကစားနေတာတော့ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ အရေးကြီးတာက သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ဆက်ထိန်းပြီး အသင်းကို ကူညီနေဖို့ပဲဖြစ်ကြောင်းလည်း ရော်နယ်လ်ဒိုက မှတ်ချက် ပေးပါတယ်။

ပေါ်တူဂီ အသင်းရဲ့ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က အိုက်စ်လန်နဲ့ ပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ ပွဲထွက် လူစာရင်းက ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ လက်ရွေးစင် ပွဲပေါင်း ၂၀၀ ပြည့်အောင် ကစားနိုင်တယ် ဆိုတာက ထူးကဲလွန်းတဲ့ စွမ်းဆောင်ရည် ဖြစ်ပြီး ပေါ်တူဂီ ဘောလုံးလောက တခုလုံး ဂုဏ်ယူနိုင်လောက်တဲ့ ကိစ္စမျိုးဆိုရင် မမှားဘူးလို့ မာတီနက်ဇ်က ပြောကြားသွားပါတယ်။

 

Ref: AFP