ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူအပါအဝင် ငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ဇွန်၊ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေအပါအဝင်ငါးဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက နေအိမ်မှာ ကား လေးစီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ခန့်က ရိုက်နှက်ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေအိမ်အတွင်းရှိ ဖုန်း နှစ်လုံးနဲ့ ပိုက်ဆံ ရှစ်သိန်းကျော်ကိုလည်း ယူသွားခဲ့ပြီး ဦးအောင်ဖေကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

“အိမ်မှာက ဦးလေးရယ်၊ ညီမရယ်၊ အဖေရယ်ရှိတယ်၊ ဝင်ရှာတော့ ဗီဒိုထဲက အရင်သမဂ္ဂမှာလုပ်တုန်းက လက်စည်းနဲ့ အကျီင်္တွေ့လို့ဆိုပြီး ကျွန်တော်အဖေကို သူတို့ ခြေထောက်နဲ့ ကန်တယ်၊ ရိုက်တယ်၊ ပြီးတော့ ဖမ်းသွားတယ်ပေါ့။ပြီးတော့ အိမ်ဘေးကပ်ရပ်က ကောင်လေးတယောက် ကိုလည်း ဖမ်းသွားတယ်။ ရွာထဲကလူတွေ အားလုံး ပေါင်းရင် ငါးယောက်လောက် ဖမ်းခေါ်သွားတယ်၊ သူ့တို့ကို ဘာလို့ ဖမ်းမှန်းလည်း မသိဘူး။” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင်သပိတ် ကော်မတီဝင်တဦးဖြစ်တဲ့ကိုမင်းလွင်ဦးဟာ ၂၀၁၈ခုနှစ်လောက်ကတည်းက အဲ့ဒီအိမ်မှာမနေဘဲတခါတရံမှသာဝင်ထွက်သွားလာတာရှိတာလို့လည်းဖြည့်စွက်ပြောပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကတော့ အကြမ်းမဖက်လှုပ်ရှားမှုတွေကိုသာ အစဥ်တစိုက် ဦးဆောင်လာခဲ့သူတဦးကို ဖမ်းမမိလို့ ဖခင်ဖြစ်သူကို ဓားစာခံအနေနဲ့ အခုလိုဖမ်းဆိီးတာဟာ စစ်ကောင်စီတပ်ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

ကိုမင်းလွင်ဦးဟာ ၂၀၁၄ ခုနှစ်မှာထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ မတ်လမှာ ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်ကလည်း ကိုမင်းလွင်ဦးကို ဖမ်းဆီးသတင်းပေးနိုင်တဲ့သူကို ဆုကြေးငွေ ကျပ်သိန်းသုံးရာ ပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကိုမင်းလွင်ဦးကို ဖမ်းမမိလို့ သူ့ရဲ့မိခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပတ်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကိုဖမ်းမမိရင် မိသားစုဝင်တွေကိုဥပဒေမဲ့ဖမ်းဆီးလေ့ရှိပါတယ်။

ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီရဲ့အာဏာသိမ်းတာကိုလက်မခံပေမဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့မဆက်နွယ်ဘဲအကြမ်းမဖက်လူထုလှုပ်ရှားမှုကိုသာယုံကြည်တယ်လို့ပြောပါတယ်။

“ဘာမှမဆိုင်တဲ့ ကျွန်တော်အဖေကို လာဖမ်းသွားတယ်ဗျာ၊ ပြောစရာစကားတောင်မရှိဘူးဗျာ၊ ဒါကလည်း ကျွန်တော်တယောက်ထဲ ခံစားနေရတာမဟုတ်ဘူး၊ လူတော်တော်များများခံစားနေရတာဗျာ၊” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။