ရန်ကုန်မှာ ပန်းသပိတ်ဆင်နွှဲသူ သုံးဦးထက်မနည်းကို စစ်ကောင်စီတပ်ဖမ်းဆီး

ဇွန်၊ ၁၉
 
ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်း ပန်ပြီး သပိတ်ဆင်နွဲသူ သုံးဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ၊ ပန်း ပန်ထားသူတွေဆီက ပန်းတွေလုယူပြီး လွှင့်ပစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦး ဖြစ်တယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေနဲ့ မြို့ခံတွေက ဆိုပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာ လှည်းတန်းစင်တာ အနီးမှာ ဗေဒါပန်း ပန်ထားတဲ့ အမျိုးသမီးတဦးဆီကနေ စစ်ကောင်စီတပ်သား နှစ်ဦးက ပန်းကို လုယူလွင့်ပစ်ခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
 
“ ကျွန်တော့ရှေ့မှာပဲ အဲ့ အစ်မခေါင်းက ဗေဒါပန်းကို ယူပြီး လွှင့်ပစ်ခဲ့တာ၊ အဲ့ဒီစစ်သား နှစ်ဦးက ကင်းလှည့်တဲ့ ကားပေါ်က ဆင်းလာပြီး လုပ်တာ၊ အစ်မကြီးကိုလည်း ဖမ်းသွားတယ်၊ ဘေးနားက လူတွေကိုလည်း စောက်ရူးမလုပ်နဲ့ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားတယ် ” လို့ မျက်မြင်တွေ့ခဲ့သူ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
 
လက်ရှိဖမ်းဆီးခံရသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
 
ဒါ့အပြင် တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ မြတ်ဆေးဆိုင် မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားဝန်ထမ်းတဦးကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပန်း ပန်ပြီး ဓာတ်ပုံကို လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ တင်လို့ ဖမ်းဆီးခံခဲ့ရပါတယ်။
 
အလားတူပဲ တာမွေ၊ ကျောက်မြောင်းရပ်ကွက် သီတာလမ်းမ ထဲက စျေးထဲမှာ ပန်းပန်ထားတဲ့ ဆိုက်က္ကားနင်းသူ တဦးကို ရဲတွေက စစ်ဆေးပြီး တာမွေရဲစခန်းထဲ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် လှိုင်သာယာ မြို့နယ်တွင်း ၂၀ ရပ်ကွက်မှာ ရှိတဲ့ စျေးထဲမှာ ရောင်းချနေတဲ့ ပန်းသည်တွေကို ဆက်လက်မရောင်းဖို့ စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လာရောက်တားမြစ်ခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီဖက်က ဒီကနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်ပြုလုပ်တဲ့ ပန်းသပိတ်ဆင်နွှဲသူ၊ ပန်းပန်ထားသူတွေ အပေါ် ပစ်မှတ်ထား လိုက်လံစောင့်ကြည့်နေတာတွေ ရှိပါတယ်။
 
“ မနက်အစောထဲက လိုက်စစ်နေတာ၊ ကားပေါ်ကနေ ဆင်းခိုင်းပြီး သူတို့စစ်နေတဲ့ နေရာမှာ လမ်းဆင်းလျှောက်ရတယ်၊ လှိုင်သာယာအဝင်‌ အောင်ဇေယျ တံတားထိပ်မှာ စစ်နေတာ၊ အငှားယာဉ်တွေကိုလည်း အနောက်ဖုံးဖွင့်ပြီး စစ်နေတယ်၊ ညက ဗုံးပေါက်တာနဲ့ ဒီနေ့ကြပ်ချင်တာကို ရောချနေတာ ” လို့ လှိုင်သာယာ မြို့ခံတစ်ဦးက ထပ်ပြောပါတယ်။
 
ရန်ကုန်မြို့က အင်းစိန်၊ လှိုင်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း မြို့နယ်နဲ့ မြောက်ဥက္ကလာ မြို့နယ်တွေမှာ ဇွန်လ ၁၈ ရက်မနေ့က ညပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါသေးတယ်။
 
အဲ့ဒီနောက် ဒီကနေ့ မနက်ပိုင်းကစလို့ ရန်ကုန်မြို့တွင်း မြို့နယ်တွေ နဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ကင်းလှည့်တာတွေ၊ ကင်းပုန်းဝပ် စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပန်း ပန်သူတွေနဲ့ လူမှုကွန်ယက် ဖေ့ဘုတ်ခ်စာမျက်နှာတွေပေါ်မှာ ပန်းသပိတ်ဆင်နွှဲသူတွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကနေ တဆင့်ဖမ်းဆီးဖို့ လှုံ့ဆော်တာတွေ ရှိနေပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ တော်လှန်ရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရချိန်ကစလို့ ပန်းသပိတ်ဆင်နွှဲဖို့ ဇွန်လ ၁၉ ရက်ရောက်တိုင်း တိုက်တွန်းကြပါတယ်။
 
DNA က လတ်တလောသိရသလောက် စစ်ကောင်စီဖဘက်ကလည်း ဒီကနေ့တနေ့ထဲမှာ နိုင်ငံနဲ့အဝှမ်းမှာ ပန်းသပိတ်ဆင်နွှဲလို့ ကလေးမြို့က အမျိုးသမီး သုံးဆယ်ဝန်းကျင်၊ မန္တလေးမြို့ က အမျိုးသမီးငယ်တဦး၊ ရန်ကုန်မြို့က သုံးဦးကို ဖမ်းဆီးထားပါတယ်။
 
လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဒီကနေ့ ဇွန် ၁၉ ရက်မှာ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမှာ လုံခြုံရေးတိုးမြှင့် တင်းကြပ်တာတွေအပြင် ကင်းပုန်းဝပ် အသင့်ပြင်ဆင်ထားတဲ့အထိ လုပ်ဆောင်ထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက DNA ကိုပြောထားပါတယ်။
 
“ ဒီဖက်မှာ လုံခြုံရေးလည်း သူတို့ တော်တော်တင်းကြပ်ထားတယ်၊ စစ်သားအင်အား တော်တော်များများနဲ့ကို ကင်းပတ်နေတာ အရင်အဲ့လောက်မများဘူး၊ မနေ့ကတော့ မွေးနေ့အကြိုအနေနဲ့ ပန်း ပန်တဲ့သူတွေတော့ များတယ်၊ ဒီနေ့ကတော့ ပန်ရင်ဖမ်းမယ်ပြုမယ် ခြိမ်းခြောက်ထားတာတွေ ရှိတော့ ပန်တဲ့သူတော့ သိပ်မတွေ့ဘူး ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်