မကြည့်ချင်ဘဲ စောင့်ကြည့်နေရတဲ့ အစွန်းရောက်တယ်လီဂရမ်

ဇွန်၊ ၂၀
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တယ်လီဂရမ် အသုံးပြုသူ သန်းချီရှိလာတာနဲ့အတူ အမုန်းစကား၊ သတင်းတု၊ သတင်းမှား တွေဆိုတာကို ပြည်သူအများက သိရှိနားလည်နေပြီဖြစ်ပါတယ်။
 
အများပြည်သူက နောက်ကွယ်ပြဿနာဖြစ်တဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းကြီးရယ်လို့ နက်နက်ရှိုင်းရှိုင်းကို သိမြင်လာကြတာပါ။ အဲဒီလိုသိလာတော့ စစ်အာဏာရှင်တွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက်မှာ မျောပါမသွားအောင် သတိနဲ့ ဆင်ခြင်တတ်လာတယ်လို့ အစွန်းရောက်တယ်လီဂရမ်တွေကို မကြည့်ချင်ဘဲ စောင့်ကြည့်နေသူက ဆိုပါတယ်။
 
သတိနဲ့ဆင်ခြင်ပြီး အများပြည်သူသိအောင်စစ်အုပ်စုရဲ့မဟုတ်မဟတ်လုပ်ရပ်တွေကို စဥ်ဆက်မပြတ် ဖွင့်ချ တိုက်ပွဲဆင်ဖို့ လိုပါတယ်လို့ စောင့်ကြည့်နေသူက ပြောတာပါ။ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်မှုကို ဦးတည်စေတဲ့ အမုန်းစကား ဖြန့်ဝေမှုတွေက ဆိုရှယ်ပလက်ဖောင်း တွေထဲ တယ်လီဂရမ်မှာ အများဆုံးဖြစ်လာတာပါ။
 
၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီ (၁) ရက်၊ အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာပြည်သူတွေရဲ့ ဆိုရှယ် ပလက်ဖောင်း အသုံးပြုမှုတွေဟာ သတင်းအချက်အလက်တွေ သိရှိရဖို့ လွယ်ကူလျင်မြန်လာပါတယ်။ သို့ပေမယ့် တစ်ဖက်က မတူညီတဲ့ ဆန့်ကျင်သူ၊ ထောက်ခံသူတွေကြား လှုံ့ဆော်တိုက်ခိုက်မှုတွေ များများစားစား ရှိလာခဲ့တာ သတိထားလာမိတယ်။
 
▪လုံခြုံစိတ်ချရမယ်လို့ထင်တဲ့ တယ်လီဂရမ်
 
အာဏာသိမ်း စစ်ကောင်စီက ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ထိန်းချုပ်လာတဲ့အခါ ပိုပြီး လုံခြုံစိတ်ချရမယ်လို့ထင်တဲ့ တယ်လီဂရမ်ကို ပြောင်းသုံးလာကြတာပါ။
 
Frontier Myanmarရဲ့ စစ်တပ်အားပေးသော TELEGRAM ချန်နယ်များကို ပိုင်းခြားစိတ်ဖြာခြင်း ကနဦးရလဒ်မှာ တယ်လီဂရမ်ပို့စ်ပေါင်း ၃၈၄၀၀၀ ကျော်ကို လေ့လာဖို့ သိမ်းဆည်းထားပြီး တက်ကြွတဲ့ စစ်ဘက်ဆိုင်ရာ ချန်နယ်၂၉ ခုက ရရှိထားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ရုပ်ရှင်၊ သီချင်း စတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း အလွယ်တကူ လက်လှမ်းမှီနိုင်တာကြောင့် တယ်လီဂရမ်ကို ရွေးချယ်တဲ့အပြင် စစ်ကောင်စီ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို သိချင်တာကြောင့် အသုံးပြုတယ်လို့ အစွန်းရောက်တယ်လီဂရမ်တွေ စောင့်ကြည့်နေသူက ဆိုပါတယ်။
 
သတင်းချန်နယ်တွေဖြစ်တဲ့ Myanmar Update News၊ ကိုသက် Journalist၊ Mercury Media၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖွင့်ချတဲ့ ဟန်ငြိမ်းဦး၊ နန်းငယ်နဲ့ အံ့ဘုန်းသွင်ချန်နယ်တွေ၊ ဆွေးနွေးခန်းနဲ့ ဗွီဒီယိုကို အဓိကလွှင့်တင်တဲ့ People Media နဲ့ လူငယ်စကားဝိုင်းချန်နယ်တွေကို အများစုက အဓိကထား စောင့်ကြည့်နေကြတာပါ။
 
Follower အများဆုံးချန်နယ် ၁၀ခု မှာ Follower တစ်သောင်းကျော်စီ ရှိပြီး မက်ဆေ့ချ်ကြည့်ရှုသူ သန်း ၆၅၀ ကျော်ရှိတယ်လို့ Frontier Myanmar က ထုတ်ပြန်ထားတာပါ။ အဲဒီထဲက တချို့ချန်နယ်တွေဟာ ကိုယ်ပိုင်အကြောင်းအရာ သီးသန့် တင်ပေမယ့် တချို့ချန်နယ်တွေကတော့ ပြန်လည်မျှဝေတာကို အဓိကလုပ်ကြတာပါ။
 
မြန်မာပြည်ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်က အမုန်းစကားဖြန့်ဝေမှု ပြဿနာဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခ ကာလတွေထဲက ထင်သာမြင်သာရှိခဲ့ပါတယ်။
 
▪တန်ပြန်ဝါဒဖြန့်ကြပါ
 
အစွန်းရောက် လူမှုကွန်ရက်များအပေါ် Generation Wave က စစ်တပ်မှ စွန့်ခွာမှုများဖြစ်ပေါ်လာစေဖို့ စည်းရုံး လှုံ့ဆော်နေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက တန်ပြန်ဝါဒဖြန့်တာတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
 
ဒါ့အပြင် သတင်းမီဒီယာတွေက သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားရာမှာ တပ်တွင်းအခြေအနေမှန်နဲ့ စစ်ကောင်စီရဲ့အောက်ခြေစစ်သားတွေကို သူတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတာတွေကို ဖော်ထုတ် ရေးသားတာတွေ ပိုမိုလုပ်ဆောင်ကြဖို့ကိုလည်း အကြံပြုထားပါတယ်။
 
အဓိက က စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ယုံကြည်မှု ယိုင်နဲ့လာစေဖို့ စည်းရုံး လုပ်ဆောင်ကြဖို့နဲ့ စစ်တပ်အင်အား လျော့နည်းလာအောင် လုပ်ဆောင်ဖို့ကိုပါ အကြံပြုထားတာပါ။
 
▪ခြိမ်းခြောက် ဖမ်းဆီး
 
Burma Monitor အနေနဲ့ တယ်လီဂရမ်ချန်နယ် ၁၃ ခုကို၂၀၂၃ ခုဇန်နဝါရီလက ဧပြီလအထိ စောင့်ကြည့်ခဲ့ရာမှာ ဖမ်းဆီးဖို့ ခြိမ်းခြောက်ခံရမှုက အမျိုးသား၊ အမျိုးသမီးနဲ့ LGBT စုစုပေါင်း ၆၇၂ ဦး အထိရှိခဲ့ပြီး ၄၀၄ ဦး အဖမ်းခံရတယ်လို့ ဖော်ပြထားပါတယ်။
 
ခြိမ်းခြောက်ခံရတဲ့ အကြောင်းတွေက PDF တွေနဲ့ ဆက်စပ်တာ၊ ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြောဆိုတာပါ။ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့ပို့စ်တွေ၊ ကောမန့်တွေ ရေးတာနဲ့ ပြန်ဖြန့်ဝေတာတွေ၊ လုံခြုံရေးအပြောင်းအရွေ့နဲ့ ပတ်သက်တဲ့ သတင်းတွေကို PDF တွေဆီ ပေးပို့တာတွေကို ခြိမ်းခြောက်ခံရတာပါ။
 
ဒါ့အပြင်အသံတိတ်သပိတ်မှာပါဝင်တာ၊ပါဝင်ဖို့နှိုး ဆော်တာ၊ နွေဦးတော်လှန်ရေးအတွင်း ပညာရေးဆိုင်ရာ အကူအညီပေးတာ၊ စကစရဲ့ ပညာရေးကိုဆန့်ကျင်တာတွေကိုခြိမ်းခြောက်ခံရတာပါ။
 
အခုနောက်ပိုင်းမှာ DVB၊ ခေတ်သစ်၊ BBC Burmese စတဲ့သတင်းဌာနတွေရဲ့ ပို့စ်တွေအောက်မှာ ကောမန့်ရေးသားတာ၊ သီတဂူဆရာတော်နဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့ ပို့စ်ရေးတာတွေ၊ ဖြန့်တာတွေ၊ မျှဝေတာ တွေကို ခြိမ်းခြောက်နေတာပါ။ မကြာခင်ဖြစ်ခဲ့တဲ့ ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ကိစ္စနဲ့ ပတ်သက်ပြီး ရေးသားတာ၊ မျှဝေတာတွေနဲ့ သင်္ကြန်ရေသဘင်ပွဲကို ဆန့်ကျင်ကြသူတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေ လုပ်နေတာပါ။
 
နွေဦးတော်လှန်ရေးမှာ ပါတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေ၊ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးတာခံနေရသူတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေသူ အဖြစ်ပုံဖော်ပြီး ပြည်သူနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှု စည်းလုံးနေတာကို ပျက်ပြားစေဖို့ တယ်လီဂရမ်ကို သုံးနေကြတာပဲ ဖြစ်ပါတယ်။
 
▪အစွမ်းထက်ထိရောက်တဲ့လက်နက်
ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ဘာသာဝင်လက် နက်ကိုင်တွေက သတ်ဖြတ်နေတယ် ဆိုတဲ့ ပြောဆိုမှုမျိုးတွေ တွေ့လာရတယ်။ လူမျိုးရေး၊ ဘာသာရေးဆိုတာ သွေးထိုးလှုံ့ဆော်တဲ့ နေရာမှာ အင်မတန်အစွမ်းထက် ထိရောက်တဲ့ လက်နက်ပါ။
 
စစ်ပွဲတွေ ကင်းလွတ်နေတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ဗန်းမောက် မြို့နယ်တွေမှာ ခရစ်ယာန် အများစုရှိတဲ့ ကချင်တပ် KIA က ဗုဒ္ဓဘာသာဝင် ရှမ်းနီ လူမျိုးများ၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ပြီး ရှမ်းရိုးရာ တူရိယာပစ္စည်းများကို ဖျက်ဆီးတယ်လို့ လော်ဘီ တယ်လီဂရမ်တွေက လှုံ့ဆော်ပြီးနောက် SNA နဲ့ KIA တို့ တိုက်ပွဲတွေ ဖြစ်နေတာ အခုထိပါပဲ။
 
PDF တွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ပွဲတော်တွေကိုသာ မကျင်းပဖို့ ခြိမ်းခြောက်ကြပြီး ခရစ်ယာန်တွေ၊ မွတ်စလစ်တွေရဲ့ ပွဲတော်တွေကိုတော့ ကျင်းပဖို့ အားပေးကြတယ်လို့ လော်ဘီ တယ်လီဂရမ်တွေက ဝါဒဖြန့်လေ့ရှိကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီကို တော်လှန်မှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းဟာ ဗုဒ္ဓဘာသာအတွက် နောက်ဆုံးခံတပ်လို့ပင် စစ်ကဲကြီး တယ်လီဂရမ်က လှုံ့ဆော် ပြောဆိုထားတာ တွေ့ရပါတယ်။
 
▪ထင်တိုင်းကြဲ
 
တယ်လီဂရမ် မှာ စစ်တပ်လော်ဘီတွေနဲ့ အစွန်းရောက် အမျိုးသားရေးသမား အမည်ခံ လော်ဘီတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထင်တိုင်းကြဲနေကြတာပါ။
 
တယ်လီဂရမ်မှာ ရှိတဲ့ စစ်ကောင်စီလော်ဘီ Channel တွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးကို ပုံဖျက်တိုက်ခိုက်ဖို့နဲ့ စစ်ကောင်စီ အာဏာမြဲစေဖို့ ရည်ရွယ်ပြီး လက်နက်ကိုင်တော်လှန်သူတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ရေးသားတာတွေ၊ လူမျိုးစုတွေအကြား သွေးကွဲအောင် မယုံကြည်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်တာတွေနဲ့ တော်လှန်ရေးသမားတွေကို ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာညှိုးနွမ်းစေဖို့ အတွက် ရည်ရွယ်ပြီး ပုံဖျက်တိုက်ခိုက်မှုတွေနဲ့ အထင်အမြင်လွဲခံရစေနိုင်တဲ့ အကြောင်းအရာတွေကို လူအများမြင်သာအောင် ဖြန့်ဝေတာတွေ ခပ်စိပ်စိပ်လုပ်နေတာပါ။
 
မီဒီယာပုံစံ အယောင်ဆောင်ထားတာတွေ၊ အစီအစဉ်တင်ဆက်သူလို အယောင်ဆောင် တင်ဆက်တာတွေ၊ သတင်းသမားဟောင်းဆိုတဲ့ ပုံရိပ်ကို ဗန်းပြပြီး မခိုင်လုံတဲ့ အကြောင်းအရာတွေနဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ဝေတာတွေလည်း လုပ်နေတာပါ။
 
▪အထိန်းအကွပ်မဲ့ လော်ဘီ Channel တွေ
 
အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အခြေခံပြီး ဇာတ်လမ်းဆင်လှုံ့ဆော်တာ၊ ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလည်း လော်ဘီ Channel တွေကနေပြီးတော့ အထိန်းအကွပ်မဲ့ လုပ်နေကြတာ တွေ့နေရပါတယ်။
 
ဆိုရှယ်မီဒီယာပေါ်မှာ တွေ့မြင်နေရတဲ့ အမုန်းစကား၊ သတင်းတု၊ သတင်းမှား တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတာ အထင်းသားတွေ့နေရပါတယ်။
 
လူ့အဖွဲ့အစည်းထဲက လူမျိုးရေးခွဲခြားမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေကို စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ဖန်တီးနေတာကို အားလုံးသိမြင်အောင် ကြိုးစားကြရမှာပါ။ အဲဒါကို ကြိုးစားဖယ်ရှားပစ်နိုင်မှသာ စစ်အုပ်စု ဆင်ထားတဲ့ ထောင်ချောက်ထဲ မကျမှာ ဖြစ်ပါတယ်။ 
************
မျိုးမောင်