ဇွန်၊ ၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့ ဒီကနေ့ ဇွန် ၁၉ ရက်မှာ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမှာ လုံခြုံရေး တိုးမြင့်တင်းကြပ်တာတွေအပြင် ကင်းပုန်းဝပ် အသင့်ပြင်ဆင်ထားတဲ့အထိ လုပ်ဆောင်ထားတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက DNA ကိုပြောပါတယ်။
” ဒီနေ့ဆိုရင် ရန်ကုန်ရဲ့ နေရာတိုင်းမှာ ဝတ်စုံအပြည့်နဲ့ကို လုံခြုံရေး တော်တော်တင်းတင်းကြပ်ကြပ် လုပ်နေတာ။ ကင်းပုန်းတွေလည်း ဝပ်ထားတာ ရှိတယ်။ အဓိကက သပိတ်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို အသင့်စောင့်နေတဲ့ သဘောပေါ့။ အန္တရာယ်ကို သတိထားစေချင်တယ် ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လက်ရှိရန်ကုန်မှာ စစ်ကောင်စီတပ်တွေဟာ မြို့နယ်တိုင်းမှာ DC ကားတွေနဲ့ လှည့်ကင်းပတ်နေပြီး လိုက်ပါနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ဝတ်စုံအပြည့် ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထပ်မြင့်တိုက်တွေနေနဲ့ နေရာအချို့မှာ လက်ဖြောင့်တပ်သား များကို အသင့်အနေအထား ပြင်ဆင်ထားစေပြီး ဆန္ဒပြတာ၊ ပေါက်ကွဲမှုဖြစ်ပွားတာတွေ ဖြစ်လာခဲ့ရင် ပစ်ခတ်ဖမ်းဆီးဖို့အထိ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။
” ဒီနေ့က တော်လှန်ရေးအဖွဲ့တွေ အနေနဲ့ နည်းမျိုးစုံနဲ့ လှုပ်ရှားလာနိုင်တဲ့အတွက် ကနဦး ဖြစ်တာနဲ့ လက်ဖြောင့်တွေကို ပစ်ခွင့်ပေးထားတယ်။ မြေပြင်လှည့်ကင်း တွေကလည်း ပစ်ခတ်မှုဖြစ်တဲ့ နေရာကို အချိန်ပိုင်းအတွင်း ရောက်ရှိလာနိုင်ဖို့အထိကို ပြင်ဆင်ထားကြတယ် ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီကနေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့အပြင် ဇွန် ၁၈ ရက် ညပိုင်းကလည်း ရန်ကုန်မြို့ရဲ့ အင်းစိန်၊ လှိုင်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီလို ပေါက်ကွဲမှုတွေကြောင့်လည်း ရန်ကုန်မှာ လုံခြုံရေးယူထားတဲ့ စစ်တပ်တွေကို စစ်ကောင်စီ အကြီးအကဲတွေက ဆူပူကြိမ်းမောင်းတာတွေ လုပ်ခဲ့ပြီး တာဝန်ယူထားတဲ့ နေရာအတွင်းက ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အချိန်တိုအတွင်း ဖမ်းဆီးနိုင်တာ မရှိရင် အရေးယူမယ်ဆိုတဲ့အထိ ဖိအားပေးထားတယ်လို့လည်း အဲ့ဒီသတင်းအရင်းအမြစ်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ အပိုင်း ၆ မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ပန်းရောင်းချတဲ့ စျေးသည်တွေကို ဆက်မရောင်းဖို့ တားမြစ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
” မရောင်းခိုင်းတာက ဒီလိုပါ။ လုံးဝ မရောင်းခိုင်းတာ မဟုတ်ဘူး။ အပွင့်ပါတဲ့ ပန်း ပေါ့။ နှင်းဆီတို့ ဂန္ဓမာတို့ဆိုရင် မရောင်းခိုင်းဘူး သိမ်းခိုင်းတယ်။ တခြား ဘုရားပန်းတွေကိုတော့ ရောင်းခိုင်းပါတယ် ” လို့ လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးမှာ စျေးရောင်းချသူတဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်နဲ့ ရဲတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအဖွဲ့တွေနဲ့ ထောက်ခံအားပေးတဲ့ ပြည်သူအချို့ဟာ ပန်းသပိတ် ဆင်နွှဲနေတဲ့အပေါ် သိမ်းဆည်းတာတွေကို လုပ်ဆောင်နေတာပါ။
ဒါပေမယ့် နေပြည်တော် က အကျဉ်းထောင်မှာ မတရားစွပ်စွဲခံထားရတဲ့ အမှု ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျန်းမာပါစေကြောင်း မွေးနေ့ဆုတောင်းတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – AFP
ပုံစာ- ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလလယ်က တွေ့ရစဉ်။