ဇွန်၊ ၁၉
မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနောက်ကမ်းနားဘေးမှာ မနေ့ကညပိုင်းက အိမ်စီးကား တစီး တိမ်မှောက်မှု ဖြစ်ခဲ့ပြီး အသက် ငါးနှစ်အရွယ် ကလေးငယ် တဦးအပါအဝင် သားအဖ နှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
“ အဲ့နေရာက သူတို့အိမ်နဲ့လည်း မဝေးဘူး၊ အရင်တာရိုးကျိုးထားတဲ့ နေရာမှာ ကျောက်ပုံတွေရှိတယ်လေ၊ အဲဒါကို ဝင်တိုက်ပြီး မှောက်သွားတာပါ၊ သောက်ထားတဲ့ အရှိန်နဲ့ ဖြစ်တာပေါ့၊ မောင်းတဲ့လူက ကားပေါ်က လွင့်ထွက်ကို သွားတာပေါ့၊ သေသွားတဲ့သူနှစ်ဦးက သားအဖတော်ပါတယ်၊ စက်သုံးဆီဆိုင် ဖွင့်ထားတဲ့သူတွေလို့ သိရတယ် “ လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
မနေ့က ဇွန်လ ၁၈ ရက် ည ၁၀ နာရီလောက်မှာ စစ်ကိုင်း-မန္တလေး သွား ကားလမ်း
(ကန်ပတ်လမ်း) ဒေါ်အေးကြင် ဘူဖေးထမင်းဆိုင် အနီးမှာ လမ်းဘေးပုံထားတဲ့ ကျောက်ပုံကို ဝင်တိုက်မိလို့ အိမ်စီးကားတိမ်မှောက်ခဲ့တာပါ။
အဲဒီကားပေါ်မှာ ပါလာတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားနဲ့ အသက် ငါးနှစ်အရွယ် ယောက်ျားလေး တဦးတို့ နေရာမှာတင် သေဆုံးခဲ့သလို အမျိုးသမီးတဦးနဲ့ နောက်ထပ် ကလေးတဦးလည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။
ကားမှောက်မှုအတွင်း သေဆုံးထိခိုက်ခဲ့သူတွေဟာ အမရပူရ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မန္တလေးပြည်သူ့ဆေးရုံကြီး ဆီ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သီရိဆက်ကာ လူမှုကူညီရေးအသင်း