ဇွန်၊ ၁၉
“ ကမ္ဘာပေါ်မှာ Happy Birthday လို့ ပြောရုံ၊ ရေးရုံနဲ့ ဖမ်းတဲ့နိုင်ငံ ရှိတယ် ” လို့များ တယောက်ယောက်က ပြောလာခဲ့ရင် ဒါဟာအမှန်ပဲလို့ လက်ခံလိုက်ပါ…။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်တုန်းက “ Happy Birthday ပါ အသက်ရှည်ရှည် နေရပါစေ ” လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ် အကောင့်မှာ ရေးသားဖော်ပြမိတဲ့ ပုသိမ် ရေကြောင်းရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး တဦး အဖမ်းခံလိုက်ရတဲ့အကြောင်း သတင်းလေးလည်း ပြလိုက်ပေါ့…။
ဒါတင်မက “ ပန်း ပန်ရင်လည်း အဖမ်းခံရနိုင်သေးတယ် ” လို့လည်း ဖြည့်ပြောလိုက်လို့ ရပါတယ်။
ဟုတ်တယ်….၊ ခုပဲ စောစောစီးစီး သတင်းတွေ တက်လာတာ ဈေးသည်တွေကို စစ်ကောင်စီတပ်သားတွေက ကား တွေနဲ့ ခေါ်တင်ဖမ်းဆီးနေသတဲ့..။
ပြစ်မှုက “ ပန်းပန်လို့ ”…..။
ဒါကလည်း ၂၀၂၁ ကတည်းက အခုအထိ နှစ်တိုင်းလိုလို ကြုံနေရတဲ့ ကိစ္စပါပဲ။ “ ပန်းပန်တာ ” ၊ “ သူများတွေပန်ဖို့ ပန်းဝေတာ ” ၊ “ Happy Birthday ” လို့ ဆုတောင်းပေးတာ၊ ဖေ့စ်ဘွတ်ခ်အကောင့်မှာ အနက်ရောင်ပရိုဖိုင် အသုံးပြုမိလိုက်တာ စတာတွေဟာ မြန်မာနိုင်ငံမှာ အဖမ်းခံရနိုင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေခဲ့တာ ကြာပြီ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်မှာ အမျိုးသမီးတွေ ပန်း ပန်တာဟာ ရည်ရွည်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ စစ်အုပ်စုအတွက်တော့ ပြစ်မှုမြောက်တဲ့ ကိစ္စဖြစ်တယ်။
တတိုင်းပြည်လုံးကို နည်းမျိုးစုံ ခြိမ်းခြောက်ပြနေတဲ့ စစ်အုပ်စုရဲ့ အကြောက်တရားနဲ့ သိမ်ငယ်စိတ်ကို ဒီဖမ်းဆီးမှုတွေကနေ တွေ့ရတယ်။
စစ်ခေါင်းဆောင်တွေဟာ သူတို့လုပ်ရပ်တွေကို ကာကွယ်ဖို့ သူတို့ကို ထောက်ခံသူတွေကြားမှာ သူတို့ရဲ့ရပ်တည်မှုကို ဟန်ကိုယ့်ဖို့အတွက် ခပ်တည်တည် ရပ်တည်ပြနေရပေမယ့် တကယ်တမ်းမှာ လူထုက သူတို့ကို မနှစ်မြို့ဘူးဆိုတာ ကောင်းကောင်းသိတယ်။
PDF အကြမ်းဖက်တွေဆိုပြီး တွင်တွင်ပြောနေပေမယ့် အဲ့ဒီ PDF တွေဟာ လူထုကြားကနေ ခေတ်၊ စနစ်ရဲ့ တွန်းအားကြောင့် ပေါ်ပေါက်လာရသူတွေ၊ လူထုထောက်ခံမှု ရထားသူတွေ ဆိုတာ ကောင်းကောင်းသိတယ်။
လူထုခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ထားပြီး မဟုတ်တမ်းတရား မျိုးစုံ စွပ်စွဲချက်တွေ ထုတ်ပေမယ့် လူထုဟာ သူတို့ရဲ့ တကယ့်ခေါင်းဆောင်တွေကို ချစ်ခင်လိုလား ယုံကြည်မျှော်လင့်နေကြတုန်းပဲ ဆိုတာကိုလည်း စစ်ခေါင်းဆောင်တွေက သိကြပါတယ်။
ဒါကြောင့် ဒီယုံကြည်ကိုးစားမှုတွေ၊ ချစ်ခင်လိုလားမှုတွေ လူထုနဲ့ သူတို့ရဲ့ တကယ့်ခေါင်းဆောင်တွေကြားက ဆက်နွယ်မှုတွေကို ဖြတ်တောက် ဖျောက်ဖျက်ပစ်ချင်တာပါ။
လူထုရှေ့မားမားရပ်နေတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးချုပ်နှောင်ပြီး လူထုနဲ့ အဆက်ဖြတ်ထားလိုက်သလို လူထု ဆီကနေ သူတို့ရဲ့ ခေါင်းဆောင်တွေအတွက် ရည်ရွယ်တဲ့ သတင်းစကားတွေ၊ ဆုတောင်းသံတွေ ကိုသော်မှ စစ်အုပ်စုဟာ လွှတ်မပေးထားနိုင်ဘူး။ မနှစ်မြို့၊ မလိုလားပါဘူး။
လူကြားကောင်းအောင် ဒီမိုကရေစီ စကားလုံး တွင်တွင်သုံးနေရပေမယ့် ခုနကိစ္စတွေကိုတော့ လူမြင်ကောင်းအောင်တောင် ထိန်းချုပ်သည်းခံ မထားပေးနိုင်ဘူး။ အလိုမကျရင် ဖမ်းမယ်၊ ညှင်းပန်းနှိပ်စက်မယ် ဆိုတာဟာ စစ်အုပ်စုရဲ့ လက်ကိုင်နည်းနာတွေ ဖြစ်တယ်။
သူတို့မလိုလားတဲ့၊ တနည်းအားဖြင့် ဖုံးမရ ဖိမရ ဟန်မဆောင်နိုင်လောက်အောင် သူတို့ကြောက်တဲ့ ကိစ္စတွေဖြစ်လို့ အခုလို စည်းကမ်း နည်းလမ်းမဲ့ နှိမ်နင်းဖြိုခွဲဖို့ ကြိုးစားနေကြရတာသာ ဖြစ်တယ်။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုကြားက နှောင်ကြိုးကို လုံးဝ ဖြတ်တောက်ပစ်ချင်နေခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက…။
ခေတ်ကာလ အခြေအနေအရ ဒီနှောင်ကြိုးတွေကို ဟန်ဆောင်ပြုံးပြ လွှတ်ပေးထားခဲ့ရတာမျိုးတွေ ရှိခဲ့ပေမယ့် အခုလို သူတို့ကိုယ်တိုင် အသေအကြေ တိုက်ပွဲဝင်နေရတဲ့ ကာလမှာတော့ ဟန်မဆောင်နိုင်တော့ဘူး။
လူထုကြားကနေ “ အမေစု ကျန်းမာပါစေ ” ဆိုတဲ့ အသံတွေ ထွက်လာတာကို မခံစားကြနိုင်ဘူး။ “ Happy Birthday အမေစု ” ဆိုတဲ့ ဆုတောင်းသံတွေကို နားမခံသာနိုင်ဘူး။ ဒါကြောင့်ပဲ အခုလို ဖေ့စ်ဘွတ်မှာ “ Happy Birthday ” လို့ ရေးမိတာ၊ ဇွန် ၁၉ မှာ ပန်း ပန်ကြတာတွေဟာ သူတို့အတွက် ဖမ်းဖို့ ဆီးဖို့ ပစ်မှတ်တွေ ဖြစ်လာခဲ့တာ။
ပြီးခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂ ဇွန် ၁၉ တွေတုန်းကလည်း အခုလိုပဲ ပန်းပန်တာမျိုးက အစ စစ်အုပ်စုက ဖမ်းဆီးပြခဲ့ဖူးတယ်။ ဒီကြားထဲကပဲ အာဏာသိမ်းကာလအတွင်း တတိယမြောက် ဇွန်လ ၁၉ ရက်မှာလည်း အလားတူ ပြုမူပြကြသူတွေ ထပ်ပြီး ထွက်ပေါ်လာတာ၊ ရှိနေကြတာပါ။
ထုံးစံအတိုင်း ဘယ်လိုဖြေရှင်းရမလဲ မသိတော့ရင် ကြမ်းပြ၊ ရမ်းပြဖို့သာ တွေးတတ်တဲ့ စစ်အုပ်စုကတော့ ဖမ်းလိုက်၊ ဆီးလိုက် အကြမ်းဖက်ပြလိုက်ရင် ဒီပြုအမူတွေ ပျောက်ကွယ်သွားမယ်လို့ ယူဆနေကြတုန်းပဲ။
သူတို့ရဲ့အကြမ်းဖက်မှုတွေကို တကမ္ဘာလုံးက ဝေဖန်ပြစ်တင်နေကြတဲ့ကြားက အကြမ်းဖက် တိုက်ခိုက်ရေးသာ ရှင်သန်ရာလို့ စစ်ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေက လက်ကိုင်ပြုထားနေကြတုန်းပါပဲ။
လူထုအပေါ် လက်တွေ့မှာသာ ဒီနည်းနာကို တစိုက်မတ်မတ်ကျင့်သုံး ချုပ်ကိုင်ပြချင်နေတာ၊ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာ စာမျက်နှာတွေမှာတော့ “ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို တရားမျှတမှု အပြည့် ကျင့်သုံးပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ” ဆိုတာကတော့ ထိပ်ဆုံးက…။
စစ်အုပ်စုရဲ့ “ မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ သေးကြောင်း ” ဆိုသလို ဝါဒဖြန့်မှုနဲ့ လက်တွေ့လုပ်ရပ် အကွာကြီး ကွာခြားနေတဲ့ အဖြစ်တွေပေါ့။
လူထုရင်ထဲက ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့မှာ အသက် ၇၈ နှစ်တိတိရှိပါပြီ။ အသက်အရွယ်အားဖြင့် အေးအေးလူလူ အနားယူနေရတော့မယ့် အရွယ်ရောက်နေပြီ ဆိုပေမယ့် အဲဒီအဘွားအိုဟာ ဒီအသက်အရွယ်အထိ စစ်ဗိုလ်ချုပ်တွေပေးတဲ့ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းနေရတုန်း..။
သူမရဲ့ အသက်အရွယ် လက်ရှိတော်လှန်ရေး ရေစီးအရှိန်အဟုန်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ် နိုင်ငံရေး အခန်းကဏ္ဍအပေါ် ဆွေးနွေးပြောဆိုမှုတွေလည်း ကျယ်ပြန့်လာတာ တွေ့ရတယ်။
ဒီနေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်နိုင်ငံရေး အခန်းကဏ္ဍ ဘယ်လိုပဲ ပြောင်းလဲလာသည်ဖြစ်စေ လူထုရင်ထဲက “ လူထု ခေါင်းဆောင် ” ဆိုတဲ့ နေရာကိုတော့ စစ်အုပ်စုသာမက ဘယ်သူတွေကမှ ဆွဲထုတ်ဖျောက်ဖျက်ပစ်လို့ ရမှာမဟုတ်ဘူးဆိုတာ ပြောချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ ရာထူး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လာမယ့် နှစ်ပေါင်းများစွာ ကြာသည်အထိ လူထုခေါင်းဆောင်တဦး အနေနဲ့ လူထုရင်ထဲမှာ ရှိနေဦးမှာပါ။ ဒါဟာ မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားကြမယ့် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားက ဆက်နွယ်မှုသာဖြစ်တယ်။
ဒါဟာ ဘယ်သူကမှ အတင်းလုပ်ယူ ဖန်တီးခဲ့တာ မဟုတ်သလို ဘယ်သူကမှ အမိန့်အာဏာနဲ့ ဖယ်ရှား ဖျောက်ဖျက်ပစ်လို့လည်း ရနိုင်မှာ မဟုတ်တာ သေချာပါတယ်….။
မွေးနေ့ရှင် ကျန်းမာပါစေ……….။