ကလေးမြို့မှာ ပန်းပန်တဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဇွန်၊ ၁၉
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့မစျေးရှေ့မှာ ပန်းပန်တဲ့ အမျိုးသမီးတွေကို ဒီကနေ့ ဇွန် ၁၉ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီအင်အား လေးဆယ်လောက်နဲ့ မိုးမလင်းစျေးချိန် လမ်းမကြီးဘေးနားမှာ ရောင်းနေတဲ့ တော်တော်များများ ပန်းပန်ထားတဲ့ စျေးဝယ်တွေ၊ စျေးသည်တွေ၊ အမျိုးသမီး အယောက် သုံးဆယ်ကျော်လောက်ကို ကားနှစ်စီးနဲ့အပြည့် ဖမ်းခံလိုက်ရတယ်လို့ ကလေးမြို့မစျေးနားမှာ နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
 
“ စျေးသည်တွေက ပန်းကို ပန်တယ်ဆိုတာ ပုံမှန်လည်း သနပ်ခါးလိမ်း၊ ပန်းပန်တာမျိုး ရှိတယ်လေ။ ဒီနေ့မှ အမေစု မွေးနေ့မှ ပန်တဲ့သူလည်း ရှိတယ်။ အဲဒီဟာကိုမှ ဒီနေ့မှ ဖမ်းတာ သူတို့က၊ ဘာလည်းတော့ မသိဘူး၊ ကြောက်တာလား ဘာလဲမသိဘူး “ လို့ အဲ့ဒီအမျိုးသား က ပြောပါတယ်။
 
လက်ရှိမှာတော့ စံပယ်ပန်း၊ ခရေပန်းတို့ ပန်ထားတဲ့ အမျိုးသမီးတွေကို ပြန်လွှတ်ပေးလိုက်ပြီး နှင်းဆီပန်း ပန်ထားတဲ့ အမျိုးသမီးတွေကိုတော့ ကလေး မြို့မရဲစခန်း မှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
 
ကလေးမြို့ခံ နောက်တဦးကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေက ကလေးမြို့ မြို့မစျေးရှေ့ကို ရဲဝတ်စုံတွေနဲ့ လာရောက်ပြီး ပန်းပန်ထားတဲ့ အမျိုးသမီး ဆယ့်ငါးယောက်ဝန်းကျင်လောက် ဖမ်းဆီးပြီး ကားနဲ့ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
 
” သူတို့က မနက်ပိုင်းမှာ ကားတွေနဲ့ စျေးကို ရောက်ချလာပြီး ပန်းပန်ထားတဲ့ အမျိုးသမီးတွေကို ဖမ်းပြီး ကားလွတ်တစီးပေါ် တင်ဖမ်းသွားတာ။ ဆယ့်ငါးယောက်ကျော်လောက် ပါသွားတယ်။ စျေးသည်တွေက အများစုပါ။ လမ်းဘေးမှာ ကုန်စိမ်းရောင်းနေတဲ့ စျေးသည်တွေပေါ့ ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ခုမနက်ပိုင်း ဆယ်နာရီခွဲအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးသလို ကလေးမြို့တွင်း နေရာတော်တော်များများမှာ လုံခြုံရေး တင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ပန်း ပန်တိုင်းသာ ဖမ်းမယ်ဆို သူတို့ အများကြီးဖမ်းရမှာ။ ခုဟာက ကားတစီးစာ လူပြည့်တာနဲ့ ထွက်သွားတာ။ ခိုင်းလို့ လာလုပ်သွားတဲ့ သဘောဖြစ်နေတယ်။ သူတို့လည်း ပန်းပန်တာတောင် ဖမ်းရတဲ့ အနေအထား ရောက်နေတော့တာဗျာ” လို့ မြို့ခံတဦးက ပြောပါတယ်။
 
ဒီကနေ့ ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ဒီနေ့မှာ တနိုင်ငံလုံး ပန်းသပိတ် ပြုလုပ်ကြဖို့ သပိတ်အင်အားစုတွေက နှိုးဆော်ထားတာပါ။
 
ဒါကြောင့် နိုင်ငံတဝှမ်းမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းပန်တာ၊ လူမှုကွန်ရက်တွေမှာ နှင်းဆီပန်းပုံ တင်ကြတာ၊ မွေးနေ့ဆုတောင်းတွေလည်း ပြုလုပ်ပေးနေကြပါတယ်။
 
ဓာတ်ပုံ – FGWN
ပုံစာ – မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပါဝင်ဆင်နွှဲနေပုံ။