ဇွန်၊ ၁၉
အခေါင်းထဲမှာ အသက်ရှင်လျက်သား တွေ့ရှိခဲ့တဲ့ အီကွေဒေါ အမျိုးသမီးကြီးဟာ ရက်ပိုင်း အကြာမှာတော့ အမှန်တကယ် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
အသက် ၇၆ နှစ်အရွယ် ဘယ်လာ မွန်တိုယာရဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ဟာ ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်း သတင်းတွေမှာ နေရာယူခဲ့ဖူးပါတယ်။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုတ်တရက် နှလုံးရပ် လဲကျသွားတဲ့နောက် ဆေးရုံကို တင်ပို့ခဲ့ပေမယ့် ဘာဘာဟိုယို ဆေးရုံမှာရှိတဲ့ ဆရာဝန် တဦးက မွန်တိုယာ သေဆုံးသွားပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်
အဲဒီနောက် မိသားစုက နာရေးကိစ္စအတွက် အလုပ်များခဲ့ကြသလို မွန်တိုယာရဲ့ အလောင်းကိုလည်း ခေါင်းတလား တခုထဲမှာ ထည့်ပိတ်ထားလိုက်ပါတယ်။ နာရီ အတော်များများ အကြာမှာ အခေါင်းထဲက ကုတ်ခြစ်သံသဲ့သဲ့ ကြားလို့ စစ်ဆေးကြည့်တဲ့ အခါကျမှ အငမ်းမရ အသက်ရှူဖို့ ပင်ပင်ပန်းပန်း ကြိုးစားနေတဲ့ မွန်တိုယာကို တွေ့ရှိခဲ့ပါတယ်။
မိသားစုဟာ မွန်တိုယာကို သေဆုံးကြောင်း အတည်ပြုချက် ထုတ်ပေးခဲ့တဲ့ ဆေးရုံဆီပဲ သူ့ကို အရေးပေါ် တင်ပို့ခဲ့ရပြန်ပါတယ်။ အရေးပေါ် ကြပ်မတ်ကုသဆောင်မှာ ၇ ရက် ထပ်မံ ကြာမြင့်ပြီးတဲ့ နောက်မှာတော့ မွန်တိုယာ အမှန်တကယ် ကွယ်လွန်သွားပြီလို့ အီကွေဒေါ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အပြင်းအထန် လေဖြတ်ပြီး နှလုံးဖောက်သွားတဲ့ ရောဂါအခံကြောင့်ပဲ သူသေဆုံးသွားတာလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မွန်တိုယာ တကယ် မသေသေးဘဲ သေဆုံးကြောင်း ကြေညာခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ သီးခြား စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
မွန်တိုယာရဲ့ သားဖြစ်သူ ဂီးလ်ဘတ် ဘာဘီရာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိသားစု ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေက ရူးလောက်စရာ ဖြစ်ခဲ့ကြောင်း၊ အခုတော့ သူ့မိခင်ဟာ တကယ်ပဲ ကွယ်လွန်သွားပြီဖြစ်ပြီး မိသားစုရဲ့ ဘဝတွေကတော့ ဘယ်တုန်းကမှနဲ့ မတူအောင် ပြောင်းလဲသွားကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။
မွန်တိုယာရဲ့ ရုပ်အလောင်းက ပထမအကြိမ် နာရေးကိစ္စ ပြင်ဆင်ထားတဲ့ အိမ်ဆီကိုပဲ ပြန်လည် သယ်ယူပြီး မီးသင်္ဂြိုဟ်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းက ဆေးပညာရှင် တချို့ကတော့ မွန်တိုယာဟာ လေဖြတ်၊ သတိလစ်ပြီး ခန္ဓာကိုယ် တခုလုံး မာကျောတောင့်တင်းသွားတဲ့ Catalepsyဆိုတဲ့ ဖြစ်စဉ်ကို ကြုံခဲ့တာကြောင့် ပထမအကြိမ်က သေဆုံးပြီလို့ မှားယွင်း ယူဆ ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း ပြောကြားထားပါတယ်။
မွန်တိုယာရဲ့ ထူးထူးခြားခြား ဖြစ်စဉ်နဲ့ ပတ်သက်လို့ အီကွေဒေါ ကျန်းမာရေး ဝန်ကြီးဌာနက ပညာရှင်တွေ စုစည်းထားတဲ့ ကော်မရှင်တခု ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
Ref: BBC