ဇွန်၊ ၁၉
အသင်းခေါင်းဆောင် ရူဘန် နီဗက်စ်ကို ဆော်ဒီအာရေးဘီယား ဘောလုံးကလပ် အယ်လ်ဟီလယ်လ်ဆီ ရောင်းချဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝုလ်ဗ်ဗာဟမ်ပတန် ဝမ်ဒါရာစ် အသင်းက သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
ဝုလ်ဗ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်အတွက် ဆော်ဒီ ကလပ်က ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း (စတာလင်ပေါင် ၄၇ သန်း) ပေးချေဖို့ သဘောတူခဲ့ပါတယ်။ နီဗက်စ်ဟာ ဆော်ဒီ စူပါလိဂ် ပြိုင်ပွဲဝင် ဘောလုံးကလပ်မှာ လက်ရှိ ဝုလ်ဗ်နဲ့အတူ ရရှိနေတဲ့ လုပ်ခလစာထက် အများကြီး ပိုမို ရရှိမယ်လို့ ယုံကြည်ရပါတယ်။
သတင်းတွေ ထွက်ပေါ်နေတဲ့ စျေးနှုန်းအတိုင်း အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ ဝုလ်ဗ်အတွက် ကစားသမား တဦးကို ကလပ်စံချိန်တင် အမြင့်ဆုံးစျေးနဲ့ ရောင်းချမှု ဖြစ်လာမှာပါ။ ပြီးတော့ ဆော်ဒီ ပရိုလိဂ် အတွက်လည်း ပြောင်းရွှေ့ကြေး စံချိန်သစ် ဖြစ်လာမယ်လို့ ဆိုပါတယ်။
အစောပိုင်းတုန်းက နီဗက်စ်ကို စပိန်ထိပ်သီး ဘာစီလိုနာ အသင်းကလည်း အလေးအနက် စိတ်ဝင်စားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ ဝုလ်ဗ်ကို ဆွဲဆောင်နိုင်မယ့် ကမ်းလှမ်းမှုမျိုး လက်တွေ့ မလုပ်နိုင်ခဲ့တဲ့နောက် နီဗက်စ်ဟာ ဆော်ဒီ ဘောလုံးလောကဆီ ပြောင်းရွှေ့ အခြေချမယ့် နောက်ထပ် စူပါစတား ကစားသမားသစ် တယောက်ရဲ့ ဘဝကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက် ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။
ဆော်ဒီ ပရိုလိဂ် ပြိုင်ပွဲဝင် ကလပ်တွေမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင် ဘန်ဇီးမားတို့လို အထင်ကရ ဘောလုံးကြယ်ပွင့်တွေ သွားရောက် အခြေချနှင့်ပြီး ဖြစ်သလို ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေးကလည်း ရော်နယ်လ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းဆီ ရောက်ရှိဖို့ သေချာသလောက် ရှိနေပါပြီ။
ဝုလ်ဗ်ကတော့ မန်နေဂျာ ဂျူလန် လိုပက်တူဂွီရဲ့ အနာဂတ် အစီအမံတွေအတွက် အသင်းကို အင်အား ဖြည့်တင်းနိုင်ဖို့အတွက် နီဗက်စ်ကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ ရောင်းချပြီး ငွေဖော်ခြင်းက အကောင်းဆုံး ရွေးချယ်မှု တခုလို့ ယူဆနေပါတယ်။ နီဗက်စ်ဟာ ၂၀၁၇ ခုနှစ်မှာ ပေါ်တိုကနေ ကူးပြောင်းလာချိန် ကတည်းက ဝုလ်ဗ်ရဲ့ အဓိက ကစားသမားတဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ အသင်းအတွက် ၂၅၃ ပွဲထိ ကစားခဲ့ပြီး စုစုပေါင်း ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့ပါတယ်။
Ref: BBC