ကလေးမြို့မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတဦးသေဆုံး

ဇွန်၊ ၁၈
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ် မှာ စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၁၈ ရက်ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့ တောင်ဘက် လေးမိုင်အကွာ ထိုမာကျေးရွာ က အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ညနေကတည်းက ထုနေတာ တောက်လျောက်ပဲ။ ညကိုးနာရီကျော်မှ နည်းနည်းရပ်သွားတာ။ ထိုမာက မှန်ပြီးသေတဲ့သူက ဝက်စာကျွေးနေတုန်း မှန်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့ပေါ် စစ်ကောင်စီတပ်က ဒီကနေ့ ညနေပိုင်းမှာ ကလေးတောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ကလေးမြို့အထွက် အဖွဲ့စက်ဂိတ်နဲ့ ကလေးမြို့အနောက်ဘက် တောင်ဖီလာ တောင်ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ဒီနေ့ည ပစ်တာ အချက်နှစ်ဆယ်လောက်ရှိပြီ။ ကလေးမြို့နယ် ကျေးရွာတွေကို ရက်ဆက်ပစ်နေတာ ရက်ပေါင်း နှစ်ဆယ်ကျော်ပြီ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ကလေးမြို့ပေါ် စစ်ကောင်စီတပ်က မေလကုန်ပိုင်းကတည်းက မြို့နယ်တွင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇွန်လအတွင်း ဘကကျောင်းသား ကလေးငယ်တဦး အပါအဝင် သုံးဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိပြီး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် အနည်းဆုံး သုံးဦး ပါဝင်နေတယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – CJ