သာယာဝတီနဲ့ နတ်တလင်းမှာ စစ်ကောင်စီ လုံခြုံရေးဂိတ်တချို့ ဖျက်သိမ်းပြီး ကင်းပုန်းဆက်ထားနေ

ဇွန်၊ ၁၈
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နဲ့ နတ်တလင်းမြို့တည်ရှိရာ ရန်ကုန်-ပြည်လမ်းမကြီး ပေါ်မှာ ရှိနေတဲ့ စစ်ကောင်စီ လုံခြုံရေးဂိတ်စခန်း တချို့ကို မနေ့ဇွန်လ ၁၇ နေ့ကစပြီး ဖျက်သိမ်းနေတယ်လို့ အဲဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီလိုဂိတ်စခန်းတချို့ ဖျက်သိမ်းပေမယ့် အရပ်ဝတ်နဲ့ လက်နက်ကိုင်သူ တချို့ကတော့ တခြားဂိတ်စခန်းတွေမှာ ဆက်ပြီး ငွေကောက်ခံနေတယ်လို့ ဆိုပါတယ်။
” ပိတ်လိုက်တာတော့ နှစ်မြို့ပေါ့။ နတ်တလင်း တိုးဂိတ်က ပိတ်လိုက်ပေမယ့် အဲ့မြို့က နှစ်ဂိတ်ရှိတာ၊ နောက်တဂိတ်ကတော့ ပုံမှန်အတိုင်း ဆပ်ကြေးပေးနေရတုန်းပဲ။ ကင်းပုန်းလားတော့ မသိဘူး အရပ်ဝတ်နဲ့ လက်နက်ကိုင်သူ တချို့ကတော့ ကားတစီးပုံမှန် နှစ်ထောင်တော့ ပေးနေရတာပဲ ” ဟု အဝေးပြေးယာဉ်မောင်းတဦးက DNA ကိုပြောပါတယ်။
ဒီလို ဂိတ်စခန်းတွေကို ပိတ်သိမ်းသွားပေမယ့် ဂိတ်စခန်းအနီးမှာ ကင်းပုန်းပုံစံ လက်နက်ကိုင် ချထားတာတွေလည်း ရှိနေပြီး ကားတွေ အလွယ်တကူ မောင်းလို့မရအောင် ကာရံထားတာတွေကိုတော့ ဖြုတ်သိမ်းခြင်း မရှိဘူးလို့လည်း ယာဉ်မောင်းတွေက ဆက်ပြောပါတယ်။
အဲဒီလမ်းပိုင်းတွေဟာဆိုရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားလေ့ရှိတဲ့ မြို့နယ်တွေ တည်ရှိရာ နေရာတွေဖြစ်ပြီး မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်မှာ စိုးရိမ်တာကြောင့် ဂိတ်စခန်းတွေကို ပိတ်သိမ်းပြီး မြို့ပြကို တပ်အင်အား ပို့ဆောင်တာလို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
 
” စစ်ကောင်စီက အင်အားချိနဲ့လာတာဗျ။ မြို့ပြမှာ တိုက်ပွဲတွေ ဖြစ်လာရင် သူတို့တပ် လုံခြုံရေးအင်အား ဖြည့်ထားတဲ့ သဘောပေါ့။ အခုပိတ်လိုက်တဲ့ မြို့တွေကလည်း တော်လှန်ရေးမှာ အားကောင်းတဲ့ မြို့တွေ၊ မကြာခဏ တိုက်ပွဲတွေဖြစ်တယ် ” လို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေး သတင်းမှန်ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။
ဒီလမ်းပိုင်းက ဂိတ်တွေ မပိတ်သိမ်းခင်ကတော့ လုံခြုံရေးကို အထူးတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာတဲ့ စက်ဘီးနဲ့ ဆိုင်ကယ်တွေဟာ ဂိတ်တွေကို ဖြတ်သန်းချိန်မှာ ဆင်းတွန်းရသလို ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်တွေနဲ့ အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ ပြရတဲ့အထိ တင်းကြပ်ထားတာလို့လည်း မြို့ခံတွေက ဆိုပါတယ်။
ရန်ကုန်-ပြည်လမ်း ပေါ်မှာတော့ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်စခန်း ၁၀ ခုထက်မနည်း ရှိနေပြီး အဲဒီထဲကမှ လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ဂိတ်နှစ်ခုကို စစ်ကောင်စီက ပိတ်သိမ်းသွားသလို ပဲခူးတိုင်း အဝင် မီးနင်းချောင်း လုံခြုံရေးဂိတ် ဘက်မှာတော့ ပိုပြီး စစ်ဆေးရေး တင်းကြပ်နေတယ်လို့ ဖြတ်သန်းသွားလာသူတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ပြည်-ရန်ကုန် ကားလမ်းပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ (ပုံဟောင်း)။​