ပုသိမ်ကြီးမြို့၊ သမ္မာတော်ရွာအနီး လယ်ကွင်းထဲမှာ အမည်မသိ အမျိုးသမီးအလောင်း တွေ့ရှိ

ဇွန်၊ ၁၈
 
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မာတော်ရွာ အနီး လယ်ကွင်းထဲမှာ အမည်မသိ အမျိုးသမီးအလောင်း တလောင်း တွေ့ရှိခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်း မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဇွန်လ ၁၇ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်မှာ သမ္မာတော်ရွာ အနီး မြို့ပတ်လမ်းဘေးက လယ်ကွင်းထဲမှာ အသတ်ခံရတယ်လို့ ယူဆရတဲ့ အမျိုးသမီးအလောင်း ကို ဒေသခံတွေက တွေ့ရှိခဲ့ပြီး အကြောင်းကြားလာတာကြောင့် သွားရောက်သယ်ယူခဲ့တာလို့ သိရပါတယ်။
 
“ အသတ်ခံရတာဗျ။ လယ်ကွင်းမှာ တွေ့လို့ ဒေသခံတွေနဲ့ ရဲတွေက အကြောင်းကြားလို့ သွားသယ်တာပါ။ သေဆုံးသူက ဒဏ်ရာက မျက်နှာမှာ မျက်လုံးတလုံးတောင် မရှိတော့ဘူး။ မျက်နှာထဲ ချိုင့်ဝင်နေတာ “ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
သေဆုံးသူဟာ ၁၆ ရက်နေ့ ည ကတည်းက သတ်ခံလိုက်ရတယ်လို့ ယူဆပြီး အသက် သုံးဆယ် ဝန်းကျင် အမျိုးသမီးတစ်ဦး ဖြစ်ကာ မည်သူမည်ဝါ မသိရသေးဘဲ အလောင်းကို မန္တလေး ဆေးရုံကြီး ရင်ခွဲရုံ ကို ပို့ခဲ့တယ်လို့ အဲ့ဒီတာဝန်ရှိသူက ပြောပါတယ်။
 
အဲ့ဒီသေဆုံးသူ အမျိုးသမီးနဲ့ ပတ်သက်ပြီး ကိုယ်ရေးအချက်အလက်ကို ဒီကနေ့အထိ မသိရှိရသေးသလို လာရောက်ဆက်သွယ်တဲ့ မိဘ ဆွေမျိုးတွေလည်း မရှိသေးဘူးလို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်း ထံက သိရပါတယ်။
ဓာတ်ပုံ – မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအသင်း