နေပြည်တော်မှာ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ စစ်တောင်း မြို့ပြပြောက်ကျားအဖွဲ့ဆို

ဇွန်၊ ၁၈
 
လုံခြုံရေးတင်းကျပ်တဲ့ အာဏာသိမ်းစစ်ကောင်စီ ရုံးစိုက်ထားတဲ့နေပြည်တော်က စစ်ရေးပစ်မှတ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတဲ့ စစ်တောင်း မြို့ပြပြောက်ကျား (နေပြည်တော်)အဖွဲ့က အခက်အခဲတွေကြောင့် မြို့ပြမှာ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အဲဒီအဖွဲ့တာဝန်ခံက ပြောပါတယ်။
 
” မြို့ပြမှာ လိုအပ်နေတဲ့ ခဲယမ်းနဲ့ ဘဏ္ဍာငွေကြေး အကြပ်အတည်း ပေါ့ဗျ။ ကျွန်တော်တို့ ရဲဘော်အချို့ ဖမ်းဆီးခံရပြီး ပစ္စည်းအချို့ ပါသွားတဲ့အတွက် မြို့ပြမှာ လက်နက်ခဲယမ်း ထပ်မံဖြည့်တင်းနိုင်မှသာ ရှေ့ဆက် အင်အားပြည့် လှုပ်ရှားနိုင်မှာပါခင်ဗျ ” လို့ အဲဒီအဖွဲ့တာဝန်ခံ ဗိုလ်ဇင်ယောက်က ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)လက်အောက်က ရာနဲ့ချီတဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေမှာ စစ်တောင်း မြို့ပြပြောက်ကျားအဖွဲ့တော့ မပါဝင်ပေမယ့် အကူအညီတောင်းခံမှုကို ထည့်သွင်းစဉ်းစားပေးစေလိုတယ်လို့ ပြောပါတယ်။
 
” ဒီကိစ္စကို MOD တာဝန်ရှိသူတွေ ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ် ” လို့ ဗိုလ်ဇင်ယော်က ဆိုပါတယ်။
 
စစ်တောင်း မြို့ပြပြောက်ကြားအဖွဲ့ကို တည်ထောင်ထားတာ နှစ် နှစ်လောက်ကြာပြီဖြစ်သလို နေပြည်တော်မှာ အဓိကထားပြီး ပြောက်ကျားစနစ်နဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးဆိုင်ရာတွေကို တိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။
 
အဲဒီအဖွဲ့က ဒီလ ၁၂ ရက်မှာ လယ်ဝေးမြို့ ရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတယောက် သေဆုံးခဲ့သလို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ -၂ ( MICC-2 )ရဲ့ ဂိတ်(၂)ကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
 
ဒါပေမယ့် အဲဒီ စစ်ဆင်ရေး ဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့တဲ့ စစ်တောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် ရဲဘော် သက်နိုင်နဲ့ ရဲဘော် ရဲနိုင်ကို စစ်ကောင်စီတပ်က အငှါးကားလိုက်မောင်းတဲ့ သာမန်အရပ်သား ပြည်သူနှစ်ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
“ ဘဏ္ဍာရေးဆိုင်ရာ ဖြည့်တင်းနိုင်မှု အားနည်းခဲ့လို့ လိုအပ်တာတွေ အချိန်မမီခဲ့ဘူး။ ဒါကြောင့် မြေပြင်လှုပ်ရှားသူတွေ မစ်ရှင်ကာလမှာ စိတ်ရှုပ်ထွေးပြီး မိမိတို့အတွက် လုံခြုံဖို့ လုပ်ဆောင်ရမယ့် အချက်တွေ ဝေဝါးလစ်ဟင်းခဲ့ကြတာ ဖြစ်ခဲ့တယ် “ လို့ သူကဆိုပါတယ်။
 
စစ်တောင်း မြို့ပြပြောက်ကျား အဖွဲ့ဟာ တည်ထောင်ခဲ့တဲ့ နှစ်နှစ်တာအတွင်း အထက်ပါ စစ်ရေးမစ်ရှင်တွေအပြင် ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေးပေါင်း ၁၆ ခုလောက် ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
 
“ နေပြည်တော်အတွင်း မစ်ရှင် ၁၆ ကြိမ် ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ အဝေးထိန်းစနစ်တွေနဲ့ တိုက်ခိုက်ခဲ့တာတွေမှာ ဒလန်သတင်းပေးမှုတွေကြောင့် ဖြုတ်သိမ်းခံရတဲ့ မအောင်မြင်တဲ့ မစ်ရှင်တွေလည်း ရှိခဲ့ပါတယ်။ ၁၆ ကြိမ်ဆိုတာက ထိခိုက်ခြိမ်းခြောက်နိုင်ခဲ့တဲ့ မစ်ရှင်တွေကိုပဲ ပြောတာပါ “ လို့ ဗိုလ်ဇင်ယော်က ပြောပါတယ်။
 
အဲဒီမစ်ရှင်တွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဦးသိန်းစိန် အစိုးရ လက်ထက်က အမျိုးသားလွှတ်တော် ဒုဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဦးမြငြိမ်းရဲ့ နေပြည်တော်က နေအိမ်ကိုလည်း ဒီနှစ်အစောပိုင်းမှာ ဗုံးပစ်တိုက်ခိုက််ခဲ့တဲ့ မစ်ရှင်တခုလည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
 
လတ်တလောမှာ သူတို့အဖွဲ့က ပြည်သူလူထုရဲ့ ကူညီပေးမှုနဲ့ အဓိကရပ်တည်နေရသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ချိတ်ဆက်အကူညီတောင်းခံထားပေမယ့် မရသေးဘူးလို့ သူကဆိုပါတယ်။
 
“ MOD ရဲ့ ကျောထောက်နောက်ခံ ဖြည့်တင်းကူညီမှုသာ ရမယ်ဆိုရင် နေပြည်တော်မြို့ပြမှာ ဘေးကင်းပြီး ထိရောက်တဲ့ မစ်ရှင်တွေကို ကျွန်တော်တို့ ဖော်ဆောင်နိုင်ပါတယ်၊ မြေပြင်အခြေအနေကို ကျွန်တော်တို့ သိတာမို့ အခုလို ပြောရတာပါ “ လို့ ဗိုလ်ဇင်ယော်က ဆက်ပြောပါတယ်။
 
ဓာတ်ပုံ – စစ်တောင်း မြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်)