ဇွန်၊ ၁၈
ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တပတ်နီးပါးကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်းမှာ လေးထောင် နီးပါး စစ်ရှောင်နေရပြီး ပိုတိုးလာမယ့် အခြေအနေတွေကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ ထိုင်းဘက်ခြမ်းကို ရောက်တဲ့ဟာက (၃၇၀၀) ဝန်းကျင်ရှိတယ်။ ထိုင်းဘက်ခြမ်းကို မရောက်သေးဘဲနဲ့ ပြည်တွင်းမှာပဲ နယ်စပ်အထိ ရွေ့ထားရတဲ့ တော၊ တောင်တွေထဲ ကျန်နေတဲ့ သူတွေ ရှိနေသေးတယ်လို့ ကြားရတယ်။ သူတို့လည်း ထပ်ရောက်လာဖို့ ရှိတယ်ပေါ့နော်။ အားလုံးပေါင်းရင်တော့ ငါး ထောင်အောက် မလျော့ဘူး ” လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
ဇွန်လ ၁၃ ရက်က ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ကရင်နီပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း ရှိ စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုနဲ့ မယ်စဲ့ ရဲစခန်း တို့ကို တပြိုက်နက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့သလို ၁၂၀ မမ လက်နက်ကြီး နှစ်လက်နဲ့ ချေးမှုန်းရေးရိုင်ဖယ် သုံးဆယ်ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့သေးတယ်လို့ အဲဒီတုန်းက ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်နဲ့ တပတ်နီးပါးကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုတွေက မယ်စဲ့မြို့ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒေသခံတွေလည်း တိမ်းရှောင်ခဲ့ကြတာပါ။
မယ်စဲ့မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်တွေဘက်က စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံအရပ်သားတွေ ပါဝင်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ဘက်က မြို့နဲ့ ကျေးရွာတွေဘက်မှာ (၃၇၀၀) ဝန်းကျင်နဲ့ ထိုင်းမြန်မာနယ်စပ်တကြောက တောတောင်တွေထဲ စစ်ရှောင်နေရသူ တထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာ မွေးကင်းစ ကလေးငယ်နဲ့ မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ တော်တော်များများ ရှိနေပြီး စစ်ရှောင်အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်နေတဲ့အတွက် ကလေးနဲ့ မိခင်တွေအတွက် အကူအညီတွေ လိုအပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းဘက်ခြမ်းရောက်နေတဲ့ စစ်ရှောင်တွေအတွက် ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကရင်နီအရပ်ဖက်အဖွဲ့တွေက ကူညီပေးမှုတွေ ရှိနေပေမယ့် အမိုးအကာ၊ နေရာထိုင်းခင်းနဲ့ အခြေခံစားနပ်ရိက္ခာတွေ မလုံလောက်သေးဘဲ လိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
” ထိုင်းမှာက ကျွန်တော်တို့ လူထု သုံးထောင်ကျော်လောက် ပြေးနေရတယ်၊ အစားအစာ၊ အဓိက ရေ၊ တပတ်ဆယ်ရက်ကြာရင် ပြန်လွှတ်မှာ။ စခန်းဖွင့်ပြီးတော့ နေခွင့်ပေးမှာ မဟုတ်ဘူး။ အဆောက်အဦးတွေအောက်မှာ ခွဲထားတယ်။ ထမင်းထုပ်ပေး၊ ရေသန့်ပေး၊ ကျန်းမာရေးအရ ဆေးကုသပေး၊ ယာယီစင်တာအောက်မှာပဲ ” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောထားပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက်တွေက စစ်ရှောင်တွေဟာ တတိယအကြိမ်မြောက် စစ်ရှောင်ပြေးရတာဖြစ်ပြီး ဘော်လခဲမြို့ဝန်းကျင်က စစ်ရှောင်တွေဟာ ဒုတိယအကြိမ် ထပ်မံစစ်ရှောင်စခန်းတွေကနေ ပြေးရတာဖြစ်တယ်လို့ သိရပါတယ်။
မယ်စဲ့မြို့ တိုက်ပွဲမှာ ကရင်နီပူပေါင်းတပ်တွေက မြို့ရဲ့ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ လွိုင်ကော်မြို့ကနေ ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားတွေ ဆက်တိုက်ဖြည့်နေသလို ဘောလခဲ နဲ့ ဖားဆောင်းမြို့ဘက်ကနေလည်း စစ်အင်အားတွေ ထပ်မံဖြည့်ကာ စစ်ကြောင်းထိုး လာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကရင်နီအမျိုးသမီးအစည်းအရုံး