ထိုင်းနိုင်ငံက မြန်မာ့အရေးဆွေးနွေးပွဲစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကိုဖိတ်လို့ NUG ကန့်ကွက်

ဇွန် ၊ ၁၇

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားဖို့စီစဉ် ထား တဲ့အပေါ် စိတ်ပျက်ရပြီး မြန်မာပြည်သူတွေရဲ့ တိုက်ပွဲဝင်နေမှုကို ပျက်ရယ်ပြုရာရောက်နေတာကြောင့် ကန့်ကွက် တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။

လက်ရှိထိုင်းအစိုးရရဲ့ ကမကထပြုမှုအရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကြား မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို မနက်ဖြန် ဇွန်လ ၁၈ရက်ကနေ ၁၉ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ဖို့ရှိနေတယ်လို့ သိရပါ တယ်။

အဲဒီဆွေးနွေးပွဲကို ထိုင်းအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး အာဆီယံနိုင်ငံတွင်းက အဆင့်မြင့်အရာရှိကြီးတွေကို ဦးဆောင်ဖိတ်ကြားနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီလုပ်ဆောင်မှုဟာ  ယုတ္တိမတန်တဲ့၊ အဆင့်သင့် မဖြစ်သေးတဲ့ အစည်းအဝေးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားပြီး အစည်းအဝေးကို ဖျက်သိမ်းဖို့နဲ့ ဖိတ်ကြားခံရတဲ့ နိုင်ငံတွေအနေနဲ့ လည်း မတက်ရောက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

အခုလို စစ်အုပ်စုကို ဆွေးနွေပွဲကို ဖိတ်ကြားတာဟာ မြန်မာလူထုကို အရက်စက်ဆုံး ဖိနှိပ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြု ထောက်ခံရာ ရောက်နိုင်တဲ့အပြင် အိမ်နီးချင်း မြန်မာလူထုရဲ့ ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်နေ တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲကို စင်ကာပူ နဲ့ အင်ဒိုနီရှားနိုင်ငံတွေက တက်ရောက်မှာ မဟုတ်ကြောင်း အကြောင်းပြန်ထားပြီး၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာ သတင်းတချို့မှာတော့ ထိုင်းအစိုးရရဲ့ အခုလုပ်ဆောင်ချက်ဟာ အာဆီယံ ဇာတ်ခုံပေါ်မှာ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်နေရာပေးနိုင်ဖို့ လော်ဘီလုပ်တာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြတာ တွေရှိနေပါတယ်။

စစ်အုပ်စုကို ဖိတ်ကြားတဲ့ ဆွေးနွေးပွဲတွေကနေတဆင့် မြန်မာ့နိုင်ငံရေး ပြသနာရပ်တွေကို အဖြေရှာနိုင်မှာ မဟုတ် ဘဲ မြန်မာ့နိုင်ငံရေးပြသနာကို မြန်မာတိုင်းရင်သားပြည်သူ တရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေ အားလုံးရဲ့ ပါဝင်မှုနဲ့သာ အဖြေရှာနိုင်လိမ့်မယ်လို့ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်း ဆောင်ရွက် နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အပါအဝင် သက်ဆိုင်ရာ အားလုံးနဲ့ ထိတွေ့ ဆက်ဆံပြီး နပ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံ ပြည်သူတွေ အေးချမ်းသာယာရေးနဲ့ နှစ်နိုင်ငံဆက် ဆံရေး တိုးတက်ကောင်းမွန်ရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားလိုတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြ ထားပါ တယ်။

လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံခေါင်းဆောင်တွေရှေ့မှာ ၂၀၂၁ခုနှစ်က ကတိပြုခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လက်ကိုင်ထားဖြေရှင်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အသိုင်းအဝိုင်းက တွန်းအားပေးထားကြတာပါ။

ဒါပေမယ့် စစ်ကောင်စီက အဲ့ဒီဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ တာ ကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေပြီး စစ်ကောင်စီကို လည်း အာဆီယံထိပ်သီးအစည်းအဝေးတွေကနေချန်လှပ်ထားပါတယ်။