မြို့ပြပြောက်ကျားတွေအတွက် အသံတိတ်ရန်သူများ

 

 

ဇွန် ၊ ၁၇

နေပြည်တော် လယ်ဝေးမြို့မရဲစခန်းနဲ့ MICC-2 ဂိတ်တခုကို ဗုံးပစ်ခဲ့သူတွေကို နာရီပိုင်းအတွင်း ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ ဒီကနေ့ ထုတ်ပြန်ဖော်ပြပါတယ်။

 အဲ့ဒီသတင်းဖော်ပြချက်နဲ့အတူ ဗုံးပစ်မှု လုပ်ခဲ့တယ်လို့ဆိုသူနှစ်ဦးရဲ့ CCTV မှတ်တမ်းပုံဆိုတာကိုလည်း တွေ့ရ မှာပါ။

 တရားခံ လို့စွပ်စွဲဖမ်းဆီးခံရသူဟာ တကယ်ပဲ တိုက်ခိုက်မှု လုပ်ခဲ့သူတွေဟုတ်မဟုတ် ဖြစ်ရပ်တိုင်းမှာ ပြောဖို့ခက် ပေမယ့် စစ်ကောင်စီက ဖမ်းမိတယ်လို့ ဆိုတဲ့ မြို့ပြတိုက်ခိုက်မှုဖြစ်စဉ်အများစုမှာတော့ CCTV မှတ်တမ်းဓာတ်ပုံ ဆိုတာကို မကြာမကြာ တွေ့ရတတ်ပါတယ်။

 တကယ်တမ်းမှာတော့ CCTV တွေဟာ အသံတိတ် ရန်သူတွေ ဖြစ်လာနေတဲ့အကြောင်း မြို့ပြပြောက်ကျား တော် လှန်ရေးအင်အားစုတွေ ပြောလာခဲ့ကြတာကြာပါပြီ။

လမ်းပေါ်က လူထုသပိတ်တိုက်ပွဲတွေ အားလျော့သွားချိန် ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေသာ လုပ်ခဲ့ရချိန်က တည်းက မြို့ပြရပ်ဝန်းက CCTV တွေဟာ တော်လှန်ရေးအင်အားစုတွေကို အခက်တွေ့စေခဲ့တာပါ။

မြို့ပြတော်လှန်ရေး လှုပ်ရှားမှုတွေကို ခြေရာခံဖမ်းဆီးဖြိုခွဲနိုင်ဖို့ကြိုးစားတဲ့နေရာမှာ CCTV တွေဟာ စစ်ကောင်စီ ကို အကျိုးများစေတဲ့လက်နက်တခုဖြစ်လာနေတာပါ။

အစိုးရဌာနဆိုင်ရာပိုင် CCTV ကင်မရာတွေကတဆင့် စစ်အုပ်စုဟာာ သူတို့လိုအပ်တဲ့ အထောက်အထား အချက်အ လက်တွေရနေသလို ဒီနေ့ခေတ်မြို့ပြလူနေမှုစနစ်မှာ မရှိမဖြစ် အရေးပါလာတဲ့ ပုဂ္ဂလိကသုံး စောင့်ကြည့်ကင် မရာ တွေကိုပါ စစ်အုပ်စုက ဖိအားပေး ရယူသုံးစွဲနိုင်ခွင့်ရှိနေတာပါ။

ဒီနှစ်ခု ပေါင်းလိုက်တဲ့အခါမှာတော့ စစ်အုပ်စုအတွက်က ပိုမိုအားသာတဲ့ လက်နက်တခုဖြစ်သွားပြီး မြို့ပြ ပြောက် ကျားတွေအဖို့တော့ မဖြစ်မနေ ကျော်လွှားနိုင်ဖို့ ပြင်ဆင်ရတဲ့အန္တရာယ်၊အတားအဆီးတခုဖြစ်လာပါတော့တယ်။

“ဒီ CCTV ကြောင့် ဖမ်းဆီခံထားရတဲ့ ရဲဘော်တွေ တော်တော်များများ ကိုရှိနေပါတယ်ဗျ၊ တချို့ဖြစ်ရပ်တွေကို တော့ထုတ်ဖော်ပြောဖို့ အဆင်မပြေလို့ပါ၊ကြိမ်းသေတာတော့ ဒီ CCTV ကြောင့် ဖမ်းဆီးခံထားရတဲ့ ရဲဘော်အရေ အတွက်က အတိုင်းအတာတခုထိတော့ ရှိတယ်”လို့ ရန်ကုန်မြို့ပြ ပြောက်ကျား ကွန်ရက်တခုဖြစ်တဲ့ Yangon UG Association- YUAရဲ့ တာဝန်ခံ ဆရာကျောင်းကပြောပါတယ်။

ပြီးခဲ့တဲ့ အနီးစပ်ဆုံး ရန်ကုန်မြို့ပြ ပြောက်ကျားလှုပ်ရှားမှုတွေမှာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေကိုပြန်ကြည့်ရင်လည်း CCTV ရဲ့ အခန်းကဏ္ဍပါဝင်နေတယ်ဆိုတာကိုတွေ့ရမှာပါ။

စစ်တပ်နဲ့ နီးစပ်သူ တဦးဖြစ်တဲ့ အဆိုတော် လီလီနိုင်ကျော် ကို ပစ်ခတ်ခဲ့သူတွေကို CCTV က တဆင့်ခြေရာခံ ဖမ်း ဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့သလို ပန်းဆိုးတန်းအခွန်ရုံးဖောက်ခွဲမှုမှာ ပါဝင်တဲ့လူငယ် ခြောက် ဦးကိုလည်းအလားတူ ခြေရာခံ ဖမ်းမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဒီလို အခက်အခဲတွေဖြစ်နေစေတဲ့ CCTV တွေနဲ့ ပတ်သက်လို့ လူထုကြား သတိ ပြုမိလာစေဖို့အတွက် တော်လှန်ရေး အင်အားစုတွေက “မြို့ပြကို CCTV နဲ့မသတ်နဲ့”ဆိုတဲ့ အွန်လိုင်းလှုပ်ရှားမှုတ ခုကိုလည်း လတ်တလောမှာ ပြုလုပ်နေကြပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာပါဝင်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကလည်း စစ်ကောင်စီဟာ တော်လှန်ရေး  ရဲဘော် တွေကို ဖမ်းဆီးနိုင်ဖို့ CCTV တွေရဲ့ အထောက်အကူကို ရယူလုပ်ကိုင်နေတယ်လို့ သတိပေးထားပါတယ်။ အခုလပထမပတ်အတွင်း မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေ စစ်ဆင်ရေးပြုလုပ်ပြီးနောက် အဖွဲ့လိုက် ဖမ်းဆီးခံရ တဲ့ဖြစ်စဉ် နှစ်ခုဆက်တိုက်ရှိခဲ့ပြီး တပ်ဖွဲ့ဝင်ဆယ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

“တချို့ပြည်သူတွေက တချို့ အိမ်တွေ ဆိုင်တွေက CCTV ကအရေးမကြီးပါဘူးလို့ ထင်နေကြတဲ့သူတွေလဲရှိတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ CCTV တွေက မြို့ပြတော်လှန်ရေးအင်အားစုတွေကို ဘယ်လောက်ထိခြိမ်း ခြောက်နေ လဲဆိုတဲ့ ကျွန်တော်တို့ မက်ဆေ့ချ် လေးတစ်ခုပေးချင်တာပါ”လို့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ဥက္ကဌ ပီတာ ကြီးက “မြို့ပြကို CCTV နဲ့မသတ်နဲ့” လှုပ်ရှားမှုနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

ဒီလို သတိပေးတဲ့ လှုပ်ရှားမှုတွေကြောင့် မြို့ပြက CCTV အသုံးပြုတဲ့ လူထုအနေနဲ့ မဖြစ် မနေအသုံးပြုရပြီဆိုရင် တောင် CCTV တွေကြောင့် မြို့ပြတော်လှန်ရေး အင်အားစုတွေ ထိခိုက်မှုမရှိအောင် စဉ်းစားပြင်ဆင်လာကြဖို့ မျှော်လင့်တယ်လို့ သူကပြောပါတယ်။

“ကိုယ့်မိသားစု ဒါမှမဟုတ် ကိုယ့်အိမ်လုံခြုံရေးအတွက် ဆိုရင်လည်း ကိုယ့်အိမ်ရဲ့ တစက်မြိတ် အိမ်ထဲကနေ တံ စက်မြိတ်ကိုမြင်ရတဲ့ အနေအထားလောက်ဆိုရင်ပဲ အဆင်ပြေနေပါပြီပေါ့နော်၊မလိုအပ်ဘဲနဲ့ ဒီလမ်းဘက်ကို မျက် နှာမူထားတဲ့ ဟာမျိုးတွေက တကယ်မလိုအပ်ဘူးဆိုရင်တော့ မတပ်စေချင်ဘူး”လို့ Yangon UG Association- YUAရဲ့ တာဝန်ခံ ဆရာကျောင်းကပြောပါတယ်။

 CCTV အသုံးပြုလေ့ရှိတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတဦးကတော့ အိမ်အပြင်ဘက်လမ်းပေါ်မှာ ရပ်ထားရတဲ့ ကားရဲ့ လုံခြုံရေးအတွက် အရင်က အဲ့ဒီကားရှိရာကိုချိန်ပြီး CCTV တပ်ဆင်ထားခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် CCTV တွေရဲ့ ရိုက်ခတ်မှုကိုသတိပြုမိခဲ့ပြီးနောက် နေရာရွှေ့တပ်ဆင်ခဲ့တယ်လို့ပြောပြပါတယ်။

 ကနဦးမှာ အဲ့ဒီ CCTV က မှတ်တမ်းတွေကို ပုံမှန် ဖျက်ပစ်တဲ့နည်းလမ်းကို သူကျင့်သုံးခဲ့ပေမယ့် ဒါဟာလည်း စိတ် ချရတဲ့ အနေအထားလို့မယူဆတာကြောင့် အခုတော့ CCTV ကိုတောင် တပ်မထားတော့ဘူးလို့လည်း သူက ဆက် ပြောပြပါတယ်။

“ဒီ CCTVကြောင့် ကောင်းကျိုးတွေရှိသလို ဒီတော်လှန်ရေးကလေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆိုးကျိုးတွေက အများကြီးဖြစ်နေတာကိုတွေ့ရတယ်၊အဲ့ဒါကြောင့် CCTV ကိုတပ်ရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲတပ်ပေးကြပါ၊ဒီ လမ်းမပေါ်ကို ချိန်ထားတဲ့ CCTV တွေကို လုံးဝဖြုတ်ပေးကြပါလို့ တိုက်တွန်းချင်တယ်”လို့သူမက ပြောပါတယ်။

Photo- Social Media