ဇွန် ၊ ၁၇
အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အားထုတ်မှုတွေမှာ ဘာတိုးတက်မှုမှာ ဖြစ်ပေါ်မလာခဲ့ကြောင်း စင်ကာပူနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေက တသဘောတည်း ထုတ်ပြန် ပြောဆိုသွားခဲ့ပါတယ်။
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ရစ်ရှ်နန်ဟာ ဇွန်လ ၁၆ ရက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနဲ့ စင်ကာပူတို့ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)မှာ အတူ ပါဝင်နေတဲ့ နိုင်ငံတွေပါ။ လတ်တလောမှာတော့ အာဆီယံဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို ထိပ်သီး ဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ကနေ တားမြစ်ထားပါတယ်။
ဘာလက်ရစ်ရှ်နန်က ဒေသတွင်း အာဆီယံ နိုင်ငံတွေက မြန်မာ့အရေး ပြေလည်အောင် ကူညီဖြေရှင်းဖို့ အားထုတ်ခဲ့တယ် ဆိုပေမယ့် ဘာအကျိုးရလဒ်မှ ထွက်ပေါ်မလာခဲ့ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ပဋိပက္ခတွေ ရပ်ဆိုင်းအောင် အာဏာသိမ်း စစ်တပ်ကဖက် ပူးပေါင်း အားထုတ်မှု ခေါင်းပါးလွန်းနေသေးတာက မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီး ညီလာခံတွေဆီ ဖိတ်ခေါ်ဖို့ အချိန်အခါ မသင့်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလို့လည်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကျယ်ပြန့်တဲ့ မျက်နှာစာတွေ ဖြန့်ကျက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
အဆိုးမြင်တဲ့ သဘောဆန်တဲ့ ဘာလက်ရစ်ရှ်နန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဘလင်ကန်ကလည်း ထောက်ခံသွားခဲ့ပါတယ်။ သူက ဘာလက်ရစ်ရှ်နန်ရဲ့ အမြင်တွေကို အပြည့်အဝ လက်ခံကြောင်း၊ အမေရိကန်ဟာ မြန်မာ့အရေး ပြေလည်အောင် အာဆီယံရဲ့ အားထုတ် ကြိုးပမ်းနေမှုတွေမှာ ဆက်လက် ထောက်ခံ အားပေးနေမှာဖြစ်ကြောင်းလည်း ဘလင်ကန်က ဆိုပါတယ်။
အခြေအနေတွေက အဆိုးမြင်ချင်စရာ ဖြစ်နေရင်တောင်မှ လုပ်သင့်တာကို ဆက်လုပ်ဖို့က အရမ်းအရေးကြီးကြောင်း၊ အားလုံးက အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို စဉ်ဆက်မပြတ် ဖိအားပေးရင်း တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေနဲ့ စေ့စပ် ဆွေးနွေးမှုအတွက် နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။
မကြာသေးခင်က ကုလသမဂ္ဂမှာ ဖော်ပြခဲ့တဲ့ အစီရင်ခံစာ တစောင်အရ စင်ကာပူဟာ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်ဆီ ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုး လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဘာလက်ရစ်ရှ်နန်ကတော့ စင်ကာပူ အစိုးရဟာ မြန်မာ ပြည်သူတွေအပေါ် ရန်ပြု တိုက်ခိုက်တဲ့ စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဖက် နည်းလမ်းနှစ်သွယ် အသုံးပြုနိုင်တဲ့ ထုတ်ကုန်တွေကို မြန်မာနိုင်ငံဆီ တင်သွင်းတာမျိုး မဖြစ်အောင် အစွမ်းကုန် စီမံအားထုတ်နေကြောင်း တုံ့ပြန်သွားပါတယ်။