ဇွန် ၊ ၁၇
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်ခြေ အရမ်းနည်းသွားပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို ကျောခိုင်း စွန့်ခွာတော့မယ်လို့ ယုံကြည်ရပါတယ်။
စပိန် ဂိုးသမားဟာ ယူနိုက်တက်မှာ လုပ်ခအများဆုံး ကစားသမားတွေ စာရင်းထဲ ပါဝင်နေပြီး တပတ်လုပ်ခ စတာလင်ပေါင် ၃၇၅၀၀၀ လောက် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူဟာ ရာသီသစ်အတွက် အသင်းမှာ ဆက်လက် ထိန်းသိမ်းထားမယ့် လူစာရင်းမှာ နာမည် ပါဝင်မလာတော့တာကြောင့် ယူနိုက်တက်နဲ့ လမ်းခွဲဖို့ အတော်လေး သေချာလာတဲ့ သဘောပါပဲ။
အင်္ဂလန် ထိပ်တန်းကလပ်နဲ့ နီးစပ်သူ တချို့ကတော့ ယူနိုက်တက်ဟာ စာချုပ်သက်တမ်း ကုန်သွားပြီဖြစ်တဲ့ ဒဟေးယားကို ပိုမိုနည်းပါးတဲ့ လုပ်ခလစာမျိုးနဲ့ သက်တမ်းထပ်တိုးနိုင်ဖို့ နောက်ကွယ်မှာ ညှိနှိုင်းနေဆဲလို့ ပြောပါတယ်။ လက်ရှိ အချိန်ထိ ဒဟေးယားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းဖက်ကရော၊ ကစားသမားဖက်ကပါ တိတိကျကျ ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဒဟေးယားရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး လောလောဆယ် သူ့ရဲ့ အေးဂျင့်က ဆော်ဒီအာရေးဘီးယား စူပါလိဂ် ပြိုင်ပွဲဝင် အသင်းတချို့နဲ့ ချိတ်ဆက်နေကြောင်း ကောလာလဟတွေ ထွက်ပေါ်နေပါတယ်။ အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ ဒဟေးယားဟာ ၂၀၁၁ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ်ကနေ ပြောင်းရွှေ့လာတဲ့နောက် ယူနိုက်တက် ကစားသမား ဘဝကို ၁၂ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းအတွက် ၆၆၄ ပွဲထိ ကစားပေးထားနိုင်ခဲ့ပါတယ်။